ကမ္ဘာတည်သရွေ့

နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်ပြည့်စုံရန်မှာ အင်္ဂါလေးရပ်နှင့် ပြည့်စုံရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရပ်တွင် ဆိုထားသည်။ (၁) နိုင်ငံ၏ပိုင်နက်နယ်မြေ (နယ်နိမိတ်)၊ (၂) ယင်းပိုင်နက်နယ်မြေတွင် နေထိုင်သည့် လူဦးရေ( နိုင်ငံသားပြည်သူများ)၊ (၃) အုပ်ချုပ်သူအစိုးရနှင့် (၄) အချုပ်အခြာအာဏာပိုင်စိုးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏အင်္ဂါလေးပါးဖြစ်ပြီး ယင်းအင်္ဂါလေးပါးအနက် တစ်ပါးပါးချို့ယွင်းပါက ယင်းနိုင်ငံသည် ဥပဓိရုပ်နှင့် မပြည့်စုံ၍ နိုင်ငံမမည်တော့ချေ။

ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိနေရာ ယင်းနိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူများမှာ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းများရှိသည်ချည်း ဖြစ်သည်။ သမိုင်းဦးကာလ ဂူအောင်းလူသားများဘဝမှသည်ယဉ်ကျေးမှု အဆင့်ဆင့်မြင့်တက်ကာ ဘာသာစကားတူရာ၊ ဓလေ့ထုံးတမ်းတူရာအလိုက် စုစည်းနေထိုင်ကြရာမှ ကျေးရွာ၊ မြို့ ပြ၊ တိုင်းပြည်တို့ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်လျှင်လူမျိုးများနှင့် မြို့ရွာနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ဖွံ့ ဖြိုးထွန်းကားမှုများမှာ တညီတညာတည်း ညင်သာချောမွေ့ စွာဖြင့် မဟုတ်။ အင်အားကြီးမားသူနှင့် အင်အားနည်းပါးသူတို့အကြား ကျူးကျော်ဖိနှိပ်မှုများ၊ ကျွန်ပြုအုပ်စိုးမှုများနှင့် ခုခံတွန်းလှန်မှုများ၊ ရုန်းကန်တော်လှန်မှုများမှာ အင်ပါယာနိုင်ငံကြီးများခေတ်မှသည် ၂၀ ရာစု ခေတ်လယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကာလအထိ ကြုံတွေ့ ခဲ့ကြရခြင်း ဖြစ်သည့်အလျောက် မျက်မှောက်ကာလတွင် အမျိုးသားနိုင်ငံများ တည်ထောင်ကာ အမျိုးသားရေးစိတ်ဓာတ်များဖြင့် ခိုင်မာစွာရပ်တည်နေကြရခြင်း ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်တစ်ရပ်တွင် “ရာဇဝင်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ရှုမူအမျိုးဘာသာ သာသနာတို့သည် တည်တံ့၍မနေ၊ ရောနှောပျံ့နှံ့လျက်ရှိလေသည်။ ဘယ်နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်းမရှိချေ။ လူမျိုးတစ်မျိုးတွင်လည်း အမျိုးမျိုးသော ဘာသာတရားတို့ကို အားထားယုံကြည်မှု ရှိကြပြန်လေသည်။ ဥပမာအားဖြင့် အမေရိကန်နှင့် ဗြိတိသျှတို့သည် ဘာသာစကားတူ၏။ လူမျိုးတစ်မျိုးတည်း မဟုတ်ချေ” ဟူ၍ ဥဒါဟရုဏ်ထုတ်ပြကာ “လူမျိုးဆိုသည်မှာ သုခဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရ္ဆေိဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်” ဟူ၍ ဖွင့်ဆိုခဲ့သည်။ နှစ်ပရ္ဆေိဒရှည်လျားစွာ အတူတူနေထိုင်ခြင်း၊ ဒုက္ခသုခတို့ကို ဆိုးတူကောင်းဖက်အတူရင်ဆိုင်ကာ အတူခံစားကြခြင်း၊ အကျိုးစီးပွားချင်းနီးစပ်ခြင်း၊ ထပ်တူညီခြင်း၊ မကွဲမပြား မခြားမနားသော စိတ်ထားထားရှိခြင်းတို့သည် လူမျိုးဟူသော ဝေါဟာရအတွက် အနှစ်သာရဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဝံသာနုစိတ်ကို အလွဲသုံးစားမပြုဘဲသို့မဟုတ် မျိုးချစ်စိတ်ကို အတိဒုက္ခရောက်အောင် အသုံးမပြုဘဲ အမြင်ကျယ်ကျယ်နှင့် သဘောကြီးစွာ ဆောင်ရွက်ရန်လည်း ဗိုလ်ချုပ်က တိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ်ဖွင့်ဆိုခဲ့သည့် လူမျိုး၏ အဓိပ္ပာယ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို မြင့်မြင့်မားမားမြှင့်တင်ကာ မဆုတ်မနစ်ကြိုးပမ်းခဲ့ကြခြင်းဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ အချုပ်အခြာအာဏာပိုင်စိုးမှု (ဝါ) မြန်မာ့လွတ်လပ်ရေးကို နယ်ချဲ့တို့လက်မှ ပြန်လည်ရယူနိုင်ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်ပြည့်စုံစေရန်တစ်နည်းအားဖြင့် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ရန်မှာ နိုင်ငံသူ နိုင်ငံသားပြည်သူလူထု၏ တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်မှုသည် အဓိကအကျဆုံး အင်အားဖြစ်သည့်အလျောက် နိုင်ငံနှင့်လူမျိုးကမ္ဘာတည်သရွေ့တည်တံ့နိုင်ရန် ထာဝရစည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ မြန်မာ့အလင်း