ကမ္ဘောဒီးယားနိုင်ငံသို့ ပထမကိုးလအတွင်း လေကြောင်းဖြင့်လာရောက်သော ခရီးသွား ၃ ဒသမ ၇ သန်းနီးပါးရှိ

အောက်တိုဘာ ၁၉

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း လေကြောင်းဖြင့်လာရောက်သော ခရီးသွား ၃ ဒသမ ၇ သန်းနီးပါးရှိရာ တစ်နှစ်ထက်တစ်နှစ် ၁၆၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။

လေကြောင်းပို့ဆောင်ရေး အကြီးအကဲနှင့် ပြောရေးဆိုခွင့်ရှိသူ ဆင်းန်ချန်စီရီက ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ပြည်တွင်း၊ ပြည်ပ ပြေးဆွဲသည့်လေကြောင်းခရီးစဉ်ပေါင်း ၃၇၂၀၀ ရှိရာ တစ်နှစ်ထက်တစ်နှစ် ၁၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ပြောကြားသည်။

လေကြောင်းခရီးသွားအရေအတွက်မြင့်တက်လာသော်လည်း ယခုနှစ်ပထမကိုးလအတွင်း လေယာဉ်ဖြင့်တင်ပို့သော ကုန်ပစ္စည်းတန်ချိန် ၄၁၀၀၀ ကျော်ရှိရာ ခြောက်ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားသည့်ဆီရမ်ရိ(ပ်)အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) သည် အောက်တိုဘာလ ၁၆ ရက်က လုပ်ငန်းများစတင်လည်ပတ်ခဲ့ရာ လေကြောင်းခရီးစဉ်များနှင့် ခရီးသွားများပိုမိုးမြင့်မားလာမည်ဟု အခိုင်အမာယုံကြည်ကြောင်း ၎င်းကပြောကြားသည်။

ယူနက်စကိုစာရင်းဝင် အန်ကောဝပ်ရှေးဟောင်းသုတေသနဉယျာဉ်တည်ရှိရာ ဆီရမ်ရိ(ပ်)ပြည်နယ်ရှိယင်းလေဆိပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲနိုင်ရေးကိုဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို