ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိ

၁  ဒီဇင်ဘာ

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဒေသတွင်းကူးစက်ခံရသူ သုံးဦးထပ်မံတွေ့ရှိခဲ့ရာ ပထမဆုံးလူအုပ်စု ကူးစက်ခံရသူ စုစုပေါင်း ၁၇ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

မြို့တော်ဖနွမ်းပင်နှင့် စီရမ်ရိပြည်နယ် အနောက်မြောက်ပိုင်းတို့တွင် နေထိုင်သော ဒေသခံမိသားစုတစ်စု၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှု၏ မူလအစကို  မသိရှိရသဖြင့် လူအုပ်စုကူးစက်မှုကို ပြီးခဲ့သည့်စနေနေ့က ပထမဆုံး တွေ့ရှိခဲ့သည်။

 

လူပေါင်း ၂၆၂၁ ဦး ကို တနင်္လာနေ့က စမ်းသပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သုံးဦး တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ သုံးဦးဖြစ်သော ချမ်ကာမွန်ခရိုင်တွင်နေထိုင်သော အသက် ၆၄နှစ် အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့်  ချဘာအမ်ပိုဗ် ခရိုင်တွင် နေထိုင်သော အသက် ၇နှစ်အရွယ်သားလေးနှင့် အသက် ၂၅နှစ်အရွယ် မိခင် တို့သည် ခမာ-ဆိုဗီယက် ချစ်ကြည်ရေးဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ထပ်လောင်းပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် အနုပညာဖျော်ဖြေပွဲများကို သီတင်းနှစ်ပတ်ကြာ ပိတ်ထားခဲ့ကြောင်းနှင့် ဖနွမ်းပင်နှင့် စီရမ်ရိ ဒေသတို့တွင် လူစုဝေးခြင်းနှင့် မင်္ဂလာပွဲများကျင်းပခြင်းတို့ကို ၁၅ ရက်ကြာ တားမြစ်ထားသည်။

 

ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၂၆ ဦး ရှိကြောင်းနှင့် ရောဂါပိုးကင်းစင်သွားသူ ၃၀၄ ဦး ရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို