ကွမ်းခြံကုန်းမြို့နယ်၌ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရေး (၃၃)ကေဗွီ ဓါတ်အားလိုင်း(၁၇)မိုင် နှင့် ၃၃/၁၁ KV, ၅MVA ခွဲရုံတစ်ရုံ ဆောင်ရွက်ပေးမည်

ရန်ကုန် ၁၂ ဇွန်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့ကို ဇွန် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းမင်း၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သည့် “ ကွမ်းခြံကုန်းမြို့နယ်၊ မုတ်ကျွန်းဒေသရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်လျက်ရှိသော (၃၃)ကေဗွီ ဓာတ်အားလိုင်း (၁၇)မိုင် နှင့် 33/11 KV, 5 MVA ခွဲရုံတစ်ရုံအား(လက်ခုပ်ကုန်း ကားလမ်းနှင့် ငှက်ကြီးဒေါင်-သောင်ခုန် လမ်းထောင့်)ပတ်ဝန်းကျင်တွင် ချထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ချထားပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာနှစ်တွင် ချထားပေးနိုင်မည်၊ ချထားပေးရန် အစီအစဉ်မရှိပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ် သည်ကို သိရှိလိုပါကြောင်း” မေးမြန်းခဲ့ကြောင်းသိရသည်။

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က “ ကွမ်းခြံကုန်းမြို့နယ်၊ မုတ်ကျွန်းဒေသရှိ ကျေးရွာများအား လျှပ်စစ် ဓါတ်အားဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်လျက်ရှိသော (၃၃)ကေဗွီ ဓါတ်အားလိုင်း (၁၇)မိုင်နှင့် 33/11 KV, 5 MVA ခွဲရုံတစ်ရုံအား လက်ခုပ်ကုန်းကားလမ်းနှင့် ငှက်ကြီးဒေါင်-သောင်ခုန် လမ်းထောင့်တွင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် BE ဘတ်ဂျက်တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မရရှိပါက ဖြည့်စွက်ဘဏ္ဍာခွင့်ပြုငွေ (RE) ဘတ်ဂျက်တွင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်ကျော်(ဒလ)