ကမ္မကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ခါမ်းပါတ် ၈ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခါမ်းပါတ်မြို့ ကမ္မကြီးကျေးရွာတွင် ယနေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ခါမ်းပါတ်မြို့ ကမ္မကြီးကျေးရွာနေ မခင်မာဆွေ (၅၀)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ပေ ၄၀ ပတ်လည်ခန့်ရှိ နေအိမ်ကုန်စုံဆိုင် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု၊ ပတ်ဝန်းကျင်များသို့ ကူးစက်မှုမရှိဘဲ နံနက် ၁ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြကြောင်း သိရသည်။

 

“အဓိကကတော့ ကုန်စုံဆိုင်ဆိုတော့ လောင်စာအားကောင်းတယ်။ နောက် မီးငြှိမ်းသတ်ဖို့ကလဲ လက်လှုပ်တွင်းတွေကနေ လှုပ်ရတာဆိုတော့ အချိန်ကြာတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ ကျေးလက်တွေမှာလဲ အပေါ့စား မီးသတ်စက်လေးတွေ ထားရှိပေးစေချင်တယ်။ ဒါမှမဟုတ် တတ်နိုင်သူတွေ စုပေါင်းပြီး ရေစုပ်စက်တွေ၊ ရေပိုက်တွေ ဝယ်ယူစုဆောင်းထားသင့်ပါတယ်။ နောက် လောင်စာတွေဖြစ်တဲ့ ကောက်ရိုးတွေ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ စတာတွေကို ကျေးရွာတွင်းမှာ အများအပြား မသိုလှောင်ကြဖို့လည်း လိုပါမယ်။ သည်နေ့ဆို ဆီပေပါတွေရှိတယ်။ ဒါတွေကို အချိန်မီဖယ်ထုတ်နိုင်ခဲ့လို့သာ ဒါမှမဟုတ်ရင်တော့ သည်ထက်ပိုဆိုးသွားနိုင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

နေအိမ်များတွင် လောင်စာဆီ ၅ ဂါလန်ထက်ပို၍ မသိုလှောင်ကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း လိုက်နာမှုအားနည်းကြောင်း သိရသည်။

 

သားငယ်(ပထဝီဝင်)