“ကမ္မဖလ” ရုပ်ရှင်ကို ဇန်နဝါရီ ၂ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည်

နေပြည်တော် ၃၁ ဒီဇင်ဘာ 

“ကမ္မဖလ” ရုပ်ရှင်၏ အထူးပွဲကို ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး အဆိုပါရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများ၌ ရုံတင်ပြမည်ဟု သိရသည်။ 

 

3217

 

ယင်းရုပ်ရှင်ကို ဝတ္ထု တင့်တယ်၊ ဇာတ်ညွှန်း အကယ်ဒမီငြိမ်းမင်း၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး၊ တွဲဖက်ဒါရိုက်တာ ဝင်းဆောင်၊ သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ စိုးပြည့်သဇင်၊ မိုးဟေကို၊ ရန်ကျော်၊ စိုးရန်အောင်၊ စိုးသီဟ၊ ကလေးသရုပ်ဆောင် ဟိန်းကျော်စိုးမိုး၊ ထက်လူ၊ မင်းသူ၊ ဟန်လေး၊ မေစူးနိုင်နှင့် သရုပ်ဆောင်များစွာပါဝင်ပြီး ပွဲခင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

 

3513

 

“ဒီဇာတ်ကားမှာ ကျွန်တော် ဆရာတင့်တယ်ရဲ့ ဝတ္ထုကို ပေါ်လွင်အောင် ကြိုးစား ရိုက်ထားပါတယ်။ ရုပ်ရှင်ကို မြန်မာကားသည် မြန်မာကားဖြစ်အောင် copy နဲ့ adopt မလုပ်ဘူး၊ အားလုံးကိုယ်ပိုင်ဖြစ်အောင် ကြိုးစားပါတယ်။ မြန်မာ့ရုပ်ရှင်ကို ကမ္ဘာမှာ ပြဖို့၊ ကမ္ဘာ့ရုပ်ရှင်ကို copy လုပ်ပြီး ကမ္ဘာမှာ ဘယ်တော့မှ ပြလို့မရပါဘူး။ မြန်မာဒါရိုက်တာ လူကြီးလူငယ်အားလုံးက ကိုယ်ပိုင်အတွေးနဲ့ရိုက်ရင် ပိုကောင်းပါတယ်။

“ဒီကားက ဆရာတင့်တယ်ရဲ့ နှစ်ပေါင်းများစွာ အောင်မြင်ခဲ့တဲ့ ဝတ္ထု၊ အကြိမ်ကြိမ် ထုတ်ဝေခဲ့ဖူးတဲ့ ဝတ္ထု၊ ကျွန်တော်ငယ်ငယ်ကတည်းက ကြိုက်ပါတယ်။ တကယ်ရိုက်တဲ့အခါ ဇာတ်အိမ်ကလည်း ခက်တယ်၊ ဇာတ်ကောင်ထိန်းရတာလည်း ခက်တယ်၊ ကင်မရာလည်း အရမ်းရွှေ့လို့မရ၊ ဝတ္ထုကခိုင်းတဲ့ ကင်မရာနဲ့ရိုက်ရပါတယ်။ ကံ ကံရဲ့အကျိုးဆိုတာက ဇာတ်လမ်းကိုက ဦးကံကောင်းရဲ့ ကလဲ့စားချေမှုကနေ တန်ပြန်လာတဲ့ ကံသဘောကို ရိုက်ထားတာပါ။ ဇာတ်ကိုတော့ အားရပါတယ်။ ဒီဘက်ခေတ်မှာ ဇာတ်လမ်းကို ဖန်တီးတဲ့စိတ်က လိုလာပါတယ်။ ဇာတ်လမ်းကခိုင်းတာကို ပရိသတ်ကိုလေးစားပြီးရိုက်လို့ ပရိသတ် ကျိန်းသေနှစ်သက်မယ်လို့ ယုံကြည့်ပါတယ်”ဟု ဒါရိုက်တာ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုးက ပြောသည်။ 

ကမ္မဖလ (ကံ ကံ၏အကျိုး) တရားကို ရွှေပါရမီတောရ ဆရာတော်ရှင်ဆန္ဒာဓိကက ဆရာတော်၏ သက်တော် (၅၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် Polo Club Residence ၌ တရားဟောကြားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင်ဝင်း