ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့မှ ကျေးလက်ပြည်သူများသို့ အခြေခံစားကုန်များလိုက်လံ ထောက်ပံ့လှူဒါန်း

ကော့သောင်း  ၂၇   ဇွန်

ပရဟိတလုပ်ငန်းများကို အစဉ်တစ်စိုက် ဆောင်ရွက်လျက်ရှိသည့် လူငယ်များဖြင့် ဖွဲ့စည်းထားသော ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ တစ်စိတ်တစ်ဒေသ အဆင်ပြေကြစေရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား အခြေခံစားကုန်များ တစ်ပိုင်တစ်နိုင် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ သောင်ဖြူကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိသည်။

 

အဆိုပါပရဟိတအဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလ အစပိုင်းကတည်းက ဟင်းစားငါးများ လှူဒါန်းခြင်း၊ အခြေခံ စားကုန်များ လှူဒါန်းခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အခြေခံလူတန်းစား အလွှာအတွင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ လှူဒါန်းမှုအဖြစ် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိ သောင်းဖြူကျေးရွာအတွင်း အိမ်ထောင်စုများသို့ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကာ အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)