ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတို့ကို ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရ

နေပြည်တော် ၁၇ မတ်


ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတို့ကို ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို မတ် ၁၆ ရက်က ကျင်းပခဲ့ပြီး အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုမေးမြန်းတဲ့ “စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ရေတိုက်စားမှုများကြောင့် ကမ်းပါပြိုမှုကို ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျသက်သာစေပြီး ကမ်းပါပြိုကာကွယ်မှုများ များစွာလုပ်ဆောင်နိုင်ရန်အတွက် တည်ဆောက်ရေးနည်းလမ်းကို ပြောင်းလဲလုပ်ဆောင်ရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဦးသာဦးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

“ဝါးများအသုံးပြု၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ ဒေသထွက် ပစ္စည်းများဖြင့် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ အကျိုးဖြစ်ထွန်းနိုင်ခြင်း စသည့်အကျိုးသက်ရောက်မှုများ ရရှိနိုင်သည်မှန်သော်လည်း ကမ်းပြိုသည့် နေရာတိုင်းတွင် ဆောင်ရွက်၍မရနိုင်ခြင်း၊ ချောင်းငယ်များအတွင်း၌သာ ဆောင်ရွက်ရန် ပိုမိုသင့်လျော်ခြင်း၊ ရေနက်ပိုင်းများနှင့် ဆက်စပ်နေသည့်နေရာများတွင် ဆောင်ရွက်ရန် အကန့်အသတ်များရှိခြင်း စသည့် အားနည်းချက်များလည်း ယှဉ်တွဲနေပါသဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတို့ကို ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရပါကြောင်း” ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

စစ်တောင်းမြစ်အတွင်း ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လုပ်ငန်းငါးနေရာအား ဝါးကရစ်ကမ်းပါးထိန်းအပြင် တန်ဖိုးသက်သာသည့် မျောကရစ်တန်းများ ပိုမိုခိုင်မာစေရန် မျောကရစ်တန်းများအတွင်း ကျောက်ကြီးဖြည့် ကမ်းပါးထိန်းလုပ်ငန်းများ၊ မျောတိုင်တန်းရေကာတိုင်များ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုသည်။

 

ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ကမ်းပြိုသည့်နေရာများတွင် သဲနုန်းအနည်ပို့ချမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စစ်တောင်းမြစ်အထက်ပိုင်း ကမ်းပါးပြိုနေရာများအတွက် ကုန်ကျစရိတ် အထိုက်အလျောက် သက်သာသည့် ဝါးကရစ်တန်းနှင့် မျောကရစ်တန်းများ အသုံးပြုသည့် ယာယီအဆင့်မြှင့် ကာကွယ်ရေးနည်းလမ်းက သင့်လျော်မှုရှိသည်ကို တွေ့ရှိရတယ်လို့ ဒုတိယဝန်ကြီးက ပြောသည်။
MDN