ကွမ်းယာ ဘယ်လိုဖြစ်ကြမလဲ

ဒေါက်တာသိန်းထွန်း(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)

ကွမ်းယာကို မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုဓလေ့ထုံးစံ တစ်ရပ်အနေဖြင့် နှစ်ပေါင်းများစွာကပင် စားသုံးလာကြပါ သည်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းသည် စားသုံးသူကို အလွန်စွဲလမ်းစေပါသည်။ အချို့မှာ အန္တရာယ်အလွန်ကြီးကြောင်း သိရှိသော်လည်း စွဲလမ်းမှုကြောင့် မဖြတ်နိုင်ဘဲ ဆက်လက်စားသုံးလျက် ရှိပါသည်။ သို့ဖြစ်လျှင် ကွမ်းယာစားသုံးမှု ကို ဘယ်လိုဖြတ်ကြမလဲ။

ကွမ်းယာဖြတ်ရန် ရက်သတ်မှတ်ပါ

 ကွမ်းယာဖြတ်မည်ဆိုပါက ဖြတ်ရန်ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဖြတ်မည့်နေ့ရက်ကို သတ်မှတ်ရပါမည်။ ကွမ်းယာဖြတ် ရန် အကောင်းဆုံးသောအချိန်ဟူ၍မရှိပါ။ သို့သော် မိမိအတွက် မိမိလုပ်ငန်းကိစ္စ၊ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ စသည်တို့နှင့် ပတ်သက်၍ အလုပ်မများသည့် အချိန်သည် အသင့်လျော်ဆုံးဖြစ်ပါသည်။ ရှေ့လာမည့်နှစ်ပတ်ခန့်အလို ရက်တစ်ရက်ကို သတ်မှတ်ပါက အကောင်းဆုံးဖြစ်ပါမည်။ အလွန်အလှမ်းဝေး သောရက်ကို မသတ်မှတ်သင့်ပါ။ သတ်မှတ်ပြီးပါက သတ်မှတ်ရက်ကို မိမိ၏မှတ်တမ်းစာအုပ်၊ ပြက္ခဒိန် စသည်တို့၌ ရက်ကိုချ၍ ရေးမှတ်လိုက်ပါ။

သတ်မှတ်ရက်မတိုင်မီ ကွမ်းယာစားသုံးမှုလျှော့ချပါ 

အချို့စိတ်ခိုင်မာသူများသည် ကွမ်းယာစားသုံးမှုကို ရုတ်တရက် ဖြတ်တောက်နိုင်ပါသည်။ သို့သော် အချို့လူများအတွက်မှာမူ တဖြည်းဖြည်းလျှော့၍ စားသောက်ခြင်းဖြင့် ဖြတ်တောက်မှုကို ပို၍လွယ်ကူစေ ပါသည်။ ဖြတ်ရန်သတ်မှတ်ထားသည့် ရက်မတိုင်မီစားသုံးမှုကို ထက်ဝက်လျှော့ချပါ။ မည်သည့်အချိန်၊ မည်သည့်နေရာများတွင် အများဆုံးစားလေ့ရှိသည်ကို စဉ်းစားပါ။ မည်သည့်အခြေအနေ၊ မည်သည့် အကြောင်းအရာများက ကွမ်းယာစားရန် လှုံ့ဆော်ပေးလေ့ရှိသည်ကို တွေးတောပါ။ ထမင်းစားပြီး ကွမ်းယာစားခြင်း၊ အပြင်ထွက်လျှင်စားခြင်း၊ ကားစီးလျှင်စားခြင်း၊ လုပ်ငန်းခွင်တွင်စားခြင်း စသဖြင့် မိမိစားလေ့ရှိသောအချိန်၊ နေရာများတွင် ကွမ်းယာသယ်ဆောင် မသွားဘဲ အခြားအစားထိုး စားဖွယ်ပစ္စည်းများ ဥပမာ- သကြားမပါသော ချိုချဉ်၊ ပီကေ၊ နေကြာစေ့လှော် စသည်တို့ကို အစားထိုးယူဆောင်ပြီး ဝါးနေပါ။ ကွမ်းယာစားသုံးမှုကို အချို့အချိန်တွင်သာ စားသုံးရန် သတ်သတ်မှတ်မှတ် အချိန်သတ် မှတ်ပါ။ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများကိုလည်း ကွမ်းယာဖြတ်ရန် ကြိုးစားနေကြောင်း ပြောထားပါ။ သင်၏ကြိုးပမ်းမှုကို အားပေးအထောက်အကူပြုပါလိမ့်မည်။ သင်ကွမ်းယာ ဖြတ်ရန်ကြိုးစားနေချိန်တွင် ကွမ်းယာစားသော မိတ်ဆွေအပေါင်းအသင်းများကို ခေတ္တရှောင်ရှားပါက ပို၍ကောင်းပါသည်။ ကွမ်းယာတွင် ဆေးရွက်ကြီးကို ယခင်စားနေကျပမာဏထက် လျှော့ထည့်ပါ။ သို့မဟုတ် ကွမ်းယာအရေအတွက်ကို လျှော့စားပါ။ ဆေးရွက်ကြီးပါသည့် စီးကရက်၊ ဆေးပေါ့လိပ် စသည်တို့ကို အစားထိုး ပြောင်းလဲမသုံးစွဲမိရန် အရေးကြီးပါသည်။ မိမိကွမ်းယာ ဖြတ်လိုက်ပါက စိတ်တိုခြင်း၊ ဒေါသဖြစ်ခြင်းတို့ ဖြစ်လာနိုင်ကြောင်းကို မိသားစုဝင်များ၊ မိတ်ဆွေများကို ကြိုတင်အသိပေးပြီး မိမိကိုသည်းခံခွင့်လွှတ်ရန်၊ နားလည်ပေးရန် ပြောကြားထားပါ။

ကွမ်းယာဖြတ်ရန်သတ်မှတ်ရက်ရောက်ရှိခြင်း 

သတ်မှတ်ရက်ရောက်ရှိပါက ကွမ်းယာစားသုံးမှုကို ဖြတ်လိုက်ပါ။ ကွမ်းယာစားသုံးလိုစိတ်ဖြစ်စေသော အခြေအနေများ ကို ရှောင်ရှားပါ။ ကွမ်းယာစားလိုစိတ်ဖြစ်စေသော နေ့စဉ်လုပ် ဆောင်ချက်များကို ပြောင်းလဲပါ။ ဥပမာ- နံနက်စာစားပြီး ကွမ်းယာစားတတ်လျှင် ပုံမှန်နံနက်စာစားသည့်နေရာတွင် မစားပါနှင့် နေရာပြောင်းပါ။ အစာစားပြီး ချက်ချင်း စားပွဲမှထပါ။ သွားတိုက်ပါ။ မိမိကိုယ်မိမိ လုပ်ငန်းတစ်ခုခုတွင် မြှုပ်နှံ၍ အချိန် ကုန်အောင် လုပ်ဆောင်နေပါ။ မနက်တိုင်း လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ အေရိုးဗစ်ကစားခြင်းပြုလုပ်နိုင်ပါသည်။ ဝါး၍စားရသည့် အစားထိုးအစားအစာများ စားပါ။ (ဥပမာနေကြာစေ့၊ ပီကေ၊ မြေပဲလှော်)၊ ကွမ်းယာ စားလိုစိတ် ဖြစ်ပေါ် လာတိုင်း ယင်းအစားထိုးအစာများ စားနိုင်ရန် မိမိနှင့်တစ်ပါ တည်း သယ်ဆောင်သွားပါ။

ပထမအပတ် 

ဆေးရွက်ကြီးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာများကို ကျော်လွှားရပါမည်။ ကွမ်းယာစားလိုစိတ် ပြင်းပြလာပါက အသက်ပြင်းပြင်းရှုခြင်း၊ လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ခြင်းတို့က စားလိုစိတ်ကို ဖယ်ထုတ်ပေး နိုင်ပါသည်။ စိတ်တိုခြင်း၊ စိတ်မရှည်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်းတို့ ခံစားလာရပါက အပြင်သို့ လမ်း လျှောက်ထွက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည်တို့ ဆောင်ရွက်ပါ။ မိမိအပေါ် စိတ်ရှည်ရန် ပတ်ဝန်းကျင်ရှိလူများကို လိုအပ်ပါက ထပ်မံပန်ကြားပါ။ ဝမ်းချုပ်ခြင်း၊ ဝမ်းမမှန်ခြင်းဖြစ်ပါက အမျှင်များသော အစားအစာများ၊ လတ်ဆတ်သော အသီးအရွက်များ များများစားပါ။ နီကိုတင်းသည် ခန္ဓာကိုယ်အတွင်း ဖြစ်စဉ်များကို မြန်ဆန်စေပါသည်။ နီကိုတင်းပါသော ကွမ်းယာ၊ ဆေးရွက်ကြီး ဖြတ်လိုက် ခြင်းဖြင့် ဆာလောင်ခြင်း၊ ကိုယ်အလေးချိန် အနည်းငယ်တိုးလာခြင်းတို့ကို ဖြစ်စေတတ်ပါသည်။ မျှတသော အစားအစာများစားပါ၊ အဆီပါသောအစာများရှောင်ပါ၊ ကယ်လိုရီဓာတ်နည်းသော အစားအစာရွေးချယ်ပါ။ လတ်ဆတ်သောအသီး အရွက်စားပါ၊ နေ့စဉ် ရေခြောက်ခွက်မှ ရှစ်ခွက်အထိသောက်ပါ၊ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီး စီးခြင်း၊ ရေကူးခြင်းတို့ ဆောင်ရွက်ပါ။

နီကိုတင်း ဖြတ်လိုက်၍ဖြစ်လာသော ဝေဒနာများမှာ ကြာရှည်စွာတည်ရှိမနေပါ။ ဖြတ်ပြီး ပထမအပတ်တွင်သာ အပြင်းထန်ဆုံးဖြစ်ပါမည်။ နှစ်ပတ်အလွန်တွင် အဆိုးဆုံး အပိုင်း ပြီးဆုံးသွားပါလိမ့်မည်။ စိတ်ရှည်ရန်လိုပါသည်။

ဒုတိယအပတ် 

ကွမ်းယာ (ဆေးရွက်ကြီး) စားလိုစိတ်၊ တမ်းတစိတ် ဆက်လက်ရှိနေနိုင်ပါသည်။ အများဆုံးစားခဲ့သည့် နေရာများတွင် ရောက်ရှိနေသည့်အခါ စားလိုစိတ်အပြင်းထန်ဆုံးဖြစ်ပါမည်။ ယင်းနေရာများတွင် မစားမိအောင်သည်းခံ၍ အချိန်ကြာကြာ ချုပ်တည်းထားနိုင်ပါက စားလိုစိတ်လျော့ပါးသွားပါမည်။ အရက် သောက်ခြင်းကို ရှောင်ရှားရပါမည်။ အရက်သောက်ခြင်းဖြင့် မိမိ၏ ကွမ်းယာဖြတ်သည့် အစီအစဉ်များ ပျက်သွားနိုင်ပါသည်။ စားလိုစိတ်ဖြစ်ပေါ်စေသော နေရာများ၊ အကြောင်းအရာများနှင့် စားလိုစိတ်ဖြစ်လာပါက အစားထိုးဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုတင်စဉ်စား ရေးသားထားရပါမည်။ လွယ်ကူသော အစားထိုးလုပ်ငန်းများမှာ ပီကေစားခြင်း၊ အစေ့အဆန်စားခြင်း၊ အပြင်သို့လမ်းလျှောက်ထွက်ခြင်း၊ မိမိ မည်မျှဖြတ်သန်းပြီး ဖြစ်သည်ကို ဆင်ခြင်စဉ်းစားခြင်းတို့သည် ကောင်းမွန်သော အစားထိုးလုပ် ဆောင်ချက်များ ဖြစ်ပါသည်။

ဒုတိယအပတ်တွင် နီကိုတင်း ဖြတ်ခြင်းကြောင့် ဖြစ်သော ဝေဒနာများ သက်သာလာပါမည်။ အဆိုးဆုံး ပထမ အပတ်ကိုလည်း ကျော်လွှားခဲ့ပြီးဖြစ်သည်။ ဆုံးဖြတ်ထား သည့်အတိုင်း ခိုင်မာစွာ ဆက်လက်သွားနိုင်ရန် အရေးကြီး ပါသည်။

တတိယအပတ် 

ကွမ်းယာ (ဆေးရွက်ကြီး) စွဲလမ်းခြင်းကို အောင်မြင်စွာဖြတ်တောက်နိုင်ပြီဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှပင် ကွမ်းယာကို ထပ်မံမစားမိစေရန် ကြိုးစားပါ။ ထပ်မံစားမိပါက ပြန်လည်စွဲလမ်းသွားပြီး ပုံမှန်စားသုံးသူ ဖြစ်သွားနိုင်ပါသည်။ ကွမ်းယာ(ဆေးရွက်ကြီး) စားသုံးမှုသည်ဖြတ်ရန် အလွန်ခက်ခဲပါသည်။ အများစုမှာ တစ်ကြိမ်တည်းနှင့်မဖြတ်နိုင်ပါ၊ တစ်ကြိမ်ပြန်လည်စားသုံးမိခြင်းသည် ကျရှုံးခြင်းမဟုတ်ပါ၊ နောက်တစ်ကြိမ် ထပ်မံကြိုးစားခြင်းဖြင့် အမြဲတမ်းဖြတ်နိုင် သည့်အဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ။