ကန့်ဘလူမြို့နယ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းပြီးစီး

ကန့်ဘလူ  ၁၅  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကောက်ကွက် ၁၇ ကွက်တွင် ဇန်နဝါရီ ၂ ရက်မှ စတင်ကွင်းဆင်းကောက်ယူခဲ့ရာ ယခုအခါ ပြီးစီးသွာပြီဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ကြိုင်ထံမှ သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေး၊ မြို့နယ်ဦးစီးအရာရှိ ဦးမောင်မောင်ကြိုင်၊ မြို့နယ်အတွင်းရှိ ကြားဖြတ်သန်းခေါင်စာရင်း ကော်မတီအဖွဲ့များက လူတစ်ဦးချင်း မေးမြန်းကောက်ယူသည့်စနစ်ကို အသုံးပြုပြီး Mobile Tablet အသုံးပြုသော Computer Assisted Personal Interviewing_CAPI နည်းစနစ်ဖြင့် လူဦးရေဆိုင်ရာ အချက်အလက်များကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

“၂၀၁၉ ခုနှစ်မှာ ကောက်ယူမယ့် ကြားဖြတ်သန်းခေါင်စာရင်းမှ ခရိုင်အဆင့်ကိုယ်စားပြုတဲ့ အညွှန်းကိန်းတွေ ရရှိနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နမူနာကောက်ကွက်ပေါင်း ၄၂၀ဝ ကို ရွေးချယ်ခဲ့ရာ ကန့်ဘလူခရိုင်မှ ကောက်ကွက်ပေါင်း ၂၄ ကွက်တွင် ကန့်ဘလူမြို့နယ်မှာ ၁၇ ကွက်၊ ကျွန်းလှမြို့နယ်မှာ ၇ ကွက်ကို ကောက်ယူခဲ့ကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်ကာ လေးသုတ်ခွဲကောက်ယူခဲ့ပြီး တတိယအသုတ်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်တယ်" ဟု ခရိုင်ဦးစီးမှူး ဦးသန်းအေးက ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)