ကန့်ဘလူမြို့နယ်တွင် လင်မယားစကားများရန်ဖြစ်ပြီး ဓားမဖြင့်ခုတ်ရာ ယောက်ျားဖြစ်သူသေဆုံး

ကန့်ဘလူ ၂၀ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဟင်သော်ကျေးရွာတွင် ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က လင်မယားစကားများပြီး ဓားမဖြင့်ခုတ်ရာ ယောက်ျားဖြစ်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇင်းရဲကင်းစခန်းမှူး ဒုရဲအုပ် ဟိန်းဒေးထက်သည် ဟင်သော်ကျေးရွာ၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်သားမျိုးမင်းခိုင်၊ သက်သေ ဟင်သော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး​မောင်တင်နှင့် အဖွဲ့ဝင်နှစ်ဦးတို့နှင့်အတူ အခင်းဖြစ်နေရာ (ဟင်သော်ကျေးရွာ ဦးကံကောင်းနေအိမ်) သို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးကံကောင်း (၃၈)နှစ်ဖြစ်ပြီး သတ်သူမှာ ဇနီးဒေါ်စိမ်းခက် (၂၇)နှစ်ဖြစ်ကြောင်း၊ ဇူလိုင် ၁၈ ရက် ညကတည်းက ဦးကံကောင်းမှာ ဇနီးဖြစ်သူအား အရက်သောက်စားမူးယစ်ပြီး မကြာခဏ ရိုက်နှက်နှိပ်စက်ခဲ့ကာ ဇူလိုင် ၁၉ ရက်တွင် ထပ်မံ၍ မူးယစ်ပြီးရိုက်နှက်သဖြင့် မခံမရပ်နိုင်ဖြစ်ပြီး ဦးကံကောင်းအား အရိုးအသွား ၂၅ လက်မခန့်ရှိ ကိုင်းခုတ်ဓားမဖြင့် ခုတ်ခဲ့ကြောင်း၊ ဦးကံကောင်းတွင် ဦးခေါင်းနောက်စေ့ ရှစ်လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာနားထင် သုံးလက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာနားရွက် ပြတ်ရှဒဏ်ရာ (၁)ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ကန့်ဘလူမြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူ ဒေါ်စိမ်းခက်အားဖမ်းဆီးပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)