ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာ၌ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း မကြာမီဆောင်ရွက်မည်

မြိတ်  ၁၄  သြဂုတ်  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ မကြာမီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(၃)ခု ဆောင်ရွက်သွားမည်ဖြစ်ပြီးထား ဝယ်ခရိုင် တွင် လောင်းလုံးမြို့နယ်ရှိ စမ်းလှမ်းကျေးရွာ၊ မြိတ်ခရိုင်တွင် ကျွန်းစုမြို့နယ်ရှိ ဒုံးညောင်မှိုင်းကျေးရွာ၊ ကော့ သောင်းခရိုင်တွင် ကော့သောင်းမြို့နယ်ရှိ မကြုံဂလက်ကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ  လောင်း လုံးမြို့နယ်ရှိ စမ်းလှမ်းကျေးရွာတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို ကနဦး စတင်ဆောင်ရွက်လျက် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရ သည်။

 

“ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်မည့် ဒုံးညောင်မှိုင်းကျေးရွာတွင် ခရီးသွားလုပ်ငန်းရှင်များ  ကူညီပြီး ဒေသခံရွာသားများအား ကော်မတီဖွဲ့ထားပါတယ်။ ကော်မတီမှ အလုပ်လုပ်မည့်သူများကို ထားဝယ်တွင် သင်တန်းပေးထားပြီးဖြစ်ပါတယ်။ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းစတင်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်တဲ့ အနေအထားဖြစ်နေတဲ့အတွက် ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်မှာပါ။ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာရင် အဓိကအကျိုးရှိမှာက ရွာကအကျိုးရှိမှာပါ။ ခရီးသွားလုပ်ငန်းအနေဖြင့် ဧည့်သည်များအတွက် ညအိပ်နားနေစခန်းတစ်ခုရရှိသွားမှာဖြစ်ပါတယ်” ဟု မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဌ ဒေါက်တာ သိန်းဆွေမြင့် ကပြောသည်။

 

 

“ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်မည့် ဒုံးညောင်မှိုင်းကျေးရွာတွင် ယခုလက်ရှိ၌ တောင်ယာ လုပ်ငန်း၊ တံငါလုပ်ငန်း၊ ဈေးအရောင်းအဝယ်စတဲ့ လုပ်ငန်းတွေကို သမားရိုးကျ ဆောင်ရွက်လျက်ရှိကြပြီး ခရီး လုပ်ငန်းသွားဆောင်ရွက်တဲ့အခါ ဒေသခံများအနေဖြင့် များစွာ အကျိုးရှိလာမှာပါ။ ဧည့်သည်များအနေဖြင့် ကျွန်း မှာ ညအိပ်ရပ်နားခွင့်ရတဲ့အတွက် ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပြီး ဧည့်သည်များပိုများလာနိုင်တယ်။  ဒုံးညောင်မှိုင်း ကျေးရွာမှ နာမည်ကြီးနေရာတွေဖြစ်တဲ့ နှစ်ဖက်လှကျွန်း၊ စမတ်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ နတ် သမီးရေတွင်းကျွန်း၊ ဒုံးရေတံခွန်များကို အလွယ်တကူသွားရောက်နိုင်ပါတယ်” ဟု မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌက ဆိုသည်။

 

မြိတ်ခရိုင်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း ၊ ကော်မတီဒုတိယဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များမှ သြဂုတ်လ(၁၂)ရက်နေ့တွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)