ကျွန်းစုမြို့တွင် သီတင်းကျွတ်ရုံးပိတ်ရက်များ၌ ခရီးသွားပြည်သူများဖြင့် စည်ကား

ကျွန်းစု  ၁၃  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် သီတင်းကျွတ်ရုံးပိတ်ရက်များ၌ ခရီးသွား ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

1

 

ကျွန်းစုမြို့နယ်သည် မြိတ်မြို့မှတဆင့်  ရေလမ်းခရီးဖြင့်သာ သွားလာရသော မြို့နယ်ဖြစ်၍ အမြန်ရေယာဉ် တစ်နေ့ (၃)ကြိမ် ပြေးဆွဲပေးလျက်ရှိပြီး ကျေးရွာများကလည်း လှေငယ်များဖြင့် လာရောက်လည်ပတ် ဘုရားဖူးကြသဖြင့် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ခရီးသွားများဖြင့် လှေဆိပ်တွင် ပိုမိုစည်ကားလျက်ရှိသည်။

 

အဆိုပါ ရုံးပိတ်ရက်များတွင် ရပ်ဝေးသို့ ရောက်ရှိနေသူများလည်း  မိမိတို့နေရပ်ကိုပြန်လာ၍ မြန်မာ့ရိုးရာ အစဉ်အလာဖြစ်သည့်  ဝါလကင်းလွတ် သီတင်းကျွတ်တွင် ရဟန်း၊ သံဃာ၊ မိဘ၊ ဘိုးဘွားနှင့် ဆရာသမားများအား ပူဇော်ကန်တော့ကြရန်နှင့်   ရုံးပိတ်၊ ကျောင်းပိတ်ရက်ရှည် ဖြစ်သည့်အတွက် အပန်းဖြေ ခရီးသွားများကလည်း ကျွန်းစုမြို့နယ်အတွင်း ကျေးရွာများရှိ ရေတံခွန်များသို့  လာရောက်လည်ပတ်  အနားယူ အပန်းဖြေလျက်ရှိကြောင်း သိရသည်။

 

(ကျွန်းစု ပြန်/ဆက်)