ကင်းထောက်ဆိုသည်မှာခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပ

တာရာ၊ ကေကေ          

ဓာတ်ပုံ - ဦးတင်မောင်လတ် (ကင်းထောက်ကြီး)

 

ကင်းထောက်ဆိုသည်မှာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးဧကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။

 

mdn

ဦးအေးကြိုင်။ ။ ကျွန်တော်တို့ ကင်းထောက်သမိုင်း အစကို ကင်းထောက်ချုပ် ဒေါက်တာ တင်ညိုကနေ စတင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

 

mdn

ဒေါက်တာတင်ညို။ ။ ကမ္ဘာ့ကင်းထောက်အဖွဲ့ကို အရင်ဆုံး စတင်တည်ထောင်သူက လော့ဗေဒင် ပါဝယ်လ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကင်းထောက်လုပ်ငန်း စခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ကွယ်လွန်သွားတဲ့ ဦးတင်နိုင်တိုးရဲ့ မှတ်တမ်းစာအုပ်ထဲမှာ ညွှန်းထားတာက မြန်မာနိုင်ငံမှာ ၁၉၁၆ ခုနှစ် မှာစခဲ့တယ်လို့ မှတ်တမ်းတွေရှိပါတယ်။ အဲဒီလို တည်ထောင်လာခဲ့တဲ့ ကင်းထောက် အဖွဲ့ဟာ ၁၉၁၆ ခုနှစ်က စပြီး ၁၉၆၄ ခုနှစ် ကြားထဲမှာ အင်မတန်အောင်မြင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ အများကြီးရှိခဲ့ပါတယ်။

 

အဲဒီသမိုင်းမှတ်တမ်းတွေအရ ပြောရရင်တော့ ကင်းထောက်စဖွဲ့ကတည်းက  နောက်ဆုံး ကာလ အထိ နိုင်ငံတော်ရဲ့ အကြီးအကဲတွေအားလုံးဟာ ကင်းထောက်ကို စောင့်ရှောက်ခဲ့တဲ့ ကျက်သရေဆောင်  ပုဂ္ဂိုလ်ကြီးတွေ၊ နာယကကြီးတွေအဖြစ်  တာဝန်ယူခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်ကိုယ်တိုင်က ကင်းထောက် အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။

 

ဒါကြောင့်မို့ ကျွန်တော်တို့ ကင်းထောက်တွေဟာ အစဉ်အဆက် နိုင်ငံရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်ပြီးတော့ အောင်မြင်မှုအများကြီးရှိပါတယ်။ အဲဒီအောင်မြင်မှုတွေရဲ့ တချို့သော အပိုင်းတွေကို ကျွန်တော့် အစ်ကိုကြီးတွေဖြစ်တဲ့ ဦးသာစိန်တို့၊ ဦးဧကျော်တို့က သူတို့ကာလလေးတွေနဲ့ အသေးစိတ်ပြောပြမှာပါ။

 

အဲဒီထဲမှာ ထူးခြားချက်တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆရာကြီး ဦးဘဌေး ဆိုတာရှိပါတယ်။ ဆရာကြီး ဦးဘဌေးဟာ Far East Scout Advisory Committee ကပါ။ ကင်းထောက်လို့ပြောရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အာရှပစိဖိတ်ဒေသမှာ ကင်းထောက်အဖြစ် တည်ထောင်မှုကို အသိအမှတ်ပြုပါတယ်။ ဆရာကြီး ဦးဘဌေးဟာ Far East Scout Advisory Committee မှာ ဥက္ကဋ္ဌပါ။ ထူးခြားတာက သူက ဒုတိယမြောက် ဥက္ကဋ္ဌ ဆိုပေမယ့် ပထမဆုံးရွေးချယ် တင်မြှောက်ခံတဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ ပတ်ဝန်းကျင်နိုင်ငံတွေက အင်မတန် အလေးထားတယ်။ ကျွန်တော်တို့ ကင်းထောက်စဖွဲ့မယ် ဆိုတော့ အာရှပစိဖိတ်ကင်းထောက်အဖွဲ့က တာဝန်ရှိသူတွေ လာကြတယ်။ လာတဲ့သူတိုင်းက ဆရာကြီးဦးဘဌေးကို မေးပါတယ်။ အဲဒီလောက်အထိ အလေးထားတယ်။ ဒါကို ဘယ်မှာ သွားတွေ့ရသေးသလဲဆိုရင် ကျွန်တော်တို့ သွားခဲ့တဲ့ APR အဖွဲ့ချုပ်ရုံးရှိတဲ့ ဖိလစ်ပိုင်မှာပါ။ သူတို့ရဲ့ ရုံးမှာ ဆရာကြီး ဦးဘဌေးရဲ့ ပုံကို ကျကျနန ချိတ်ဆွဲထားပါတယ်။

 

သူ့လက်ထက်မှာ ထူးခြားတာက Far East Scout ကွန်ဖရင့်တစ်ခုကို ကျွန်တော်တို့ နိုင်ငံက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ကျင်းပခဲ့တာပါ။ အဲဒီ အခမ်းအနားကို ဝန်ကြီးချုပ် ဦးနုလည်း တက်ပါတယ်။ မှတ်တမ်းဓာတ်ပုံတွေလည်း ရှိပါတယ်။ ဘွဲ့နှင်းသဘင်ကနေ ဝန်ကြီးချုပ်ဦးနုနဲ့ ဆရာကြီး ဦးဘဌေးတို့ ယှဉ်ပြီးထွက်လာတဲ့ပုံရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံပေါင်းစုံက ကိုယ်စားလှယ်တွေလာပြီး တက်ရောက်ကြပါတယ်။ ဆရာကြီး ဦးဘရဲ့ ခေါင်းဆောင်မှုနဲ့ ကင်းထောက်များ လှုပ်ရှားလာခဲ့ကြတာပါ။

 

အလားတူပဲ စာအုပ်ထဲမှာ ပြန်ကြည့်ရင် အစဉ်အဆက် ခေါင်းဆောင်ကြီးတွေ ပါတာကို တွေ့ရပါတယ်။ ဒီလို အစကောင်းတဲ့အချိန်မှာ ထူးခြားချက်လေးတစ်ခု ရှိပါတယ်။ သမ္မတကြီး စဝ်ရွှေသိုက် လက်ထက်မှာပါ။ ဟိုတုန်းက ကင်းထောက်ဖွဲ့စည်းမှုက သေနေပြီ။ ကင်းထောက်တွေမှာ ကင်းဆုတွေရှိတယ်။ အဲဒီအထဲက အတော်ဆုံး ကင်းစုတွေကို ပြိုင်ပွဲ လုပ်တယ်။ ပြိုင်ပွဲထဲမှာ ဦးခင်မောင်ဌေးတို့ ခေါင်းဆောင်တဲ့အဖွဲ့က Mayor Flag ကို သမ္မတ စဝ်ရွှေသိုက်ဆီကနေ လက်ခံယူလိုက်တယ်။ ကျွန်တော်တို့ ကင်းထောက်ကို အစဉ်အမြဲ ကူညီပါတယ်။

 

ထူးခြားတာက ဆရာကြီး ဦးခင်မောင်ဌေး ရဲ့ အစ်ကိုက ဒေါက်တာ ခင်မောင်ကြွယ်ပါ။ အစဉ်အဆက်ပါပဲ။ ဒေါက်တာခင်မောင်ကြွယ် က ရန်ကုန်တက္ကသိုလ်မှာ ကင်းထောက်ဆရာ အဖြစ် ၁၇ နှစ်ကြာ လုပ်ခဲ့တယ်။ သူတို့ အင်္ဂလန်ကို သွားခဲ့တယ်။ ကနေဒါမှာလည်း ကင်းထောက်ဆရာ တစ်နှစ် လုပ်ခဲ့ပါတယ်။ အင်မတန်ကို ရင့်ကျက်တဲ့ ဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ ဒေါက်တာ ခင်မောင်ကြွယ်က ကင်းထောက်ပြန်စလည်း ကျွန်တော်တို့ကို စောင့်ရှောက်ပါတယ်။ ကျွန်တော်ရဲ့ ဆရာလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပညာရေး သုတေသနအသင်းမှာ ဥက္ကဋ္ဌဆိုတော့ ဒီအသင်းမှာ တာဝန်ယူနေတော့ ကျွန်တော်တို့ ဆရာပါပဲ။ အဲဒီလို ဆောင်ရွက်တော့ ချိတ်ဆက်ပြီးပြောရင် ဆရာဦးခင်မောင်ဌေး က သီဟ ကင်းထောက်ပါ။ ဆရာကြီး ဦးခင်မောင်ကြွယ် ရဲ့ တပည့်တွေချည်းပါပဲ။

 

ဦးအေးကြိုင်။ ။ ဆရာကြီးရဲ့ သမိုင်းကြောင်း ဆွေးနွေးမှုက နိဒါန်းပျိုးတာပေါ့။ ဆရာကြီး ပြောလိုက်တဲ့အထဲမှာ ၁၁၆ ခုနှစ်မှာ မြန်မာ့ကင်းထောက် သမိုင်းကြောင်း စခဲ့တယ်။ ဒါကို အထောက် အထားအနေနဲ့ သူရိယနေ့စဉ်သတင်းစာမှာ ဖော်ပြထားတယ်။ ၁၉၆၄ ခုနှစ်မှာ ခေတ္တရပ်နားသွားတယ်။ ဒီသမိုင်းကြောင်းလေးဟာ ကျွန်တော်တို့ နိုင်ငံမှာ ကင်းထောက်နဲ့ ကင်းကွာသွားတဲ့ ကာလဆိုသော်လည်း ထူးခြားတဲ့သမိုင်းကို ဆရာကြီးပြောတဲ့ အထဲကနေ ကြားလိုက်ရတာက ၄၈ နှစ်အကြာ ကင်းထောက်ပြန်ပေါ်လာတဲ့ အကြောင်းကိုလည်း ပြောပြပေးပါ။

 

ဒေါက်တာတင်ညို။ ။ ၁၉၆၄ခုနှစ်မှာ ကင်းထောက် လှုပ်ရှားမှု  ရပ်နားခဲ့ပြီး ၄၈ နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်ရဲ့ လမ်းညွှန်မှုနဲ့ ကင်းထောက်ကို ပြန်လည်ဖွဲ့ စည်းမယ်ဆိုတဲ့အခါ ကျွန်တော်တို့ကို တာဝန်ပေးလာတယ်။

 

ကျွန်တော့်ကို သင်တန်းဖွဲ့စည်းရေးအတွက် ဥက္ကဋ္ဌတာဝန်ပေးပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့က ကင်းထောက်ဖြစ်နိုင်တဲ့ ကျောင်းပေါင်း ၂၀ က ကျောင်းတစ်ကျောင်းမှာ ဆိုရင် ကျောင်းသား ၅၀၊ ကျောင်းသူ ၅၀ စုစုပေါင်း ၁၀၀၊ ကျောင်း ၂ဝ ဆိုတော့ ၂၀၀၀ လေ့ကျင့်ပေးပါတယ်။ အဲဒီလို လေ့ကျင့်ပေးနိုင်ဖို့ ဆရာတွေကို အရင်ဆုံး သင်တန်းပေးပါတယ်။ ဆရာသင်တန်းပေးတဲ့အခါ ရန်ကုန်က အထက ၁ လမ်းမတော်မှာ ပေးပါတယ်။ ဒါကတကယ့်အခြေစိုက် နေရာလေးပါ။ ထူးခြားတာက အဲဒီတုန်းက ဆရာကြီး ဒေါက်တာ ခင်မောင်ကြွယ်က အဲဒီသင်တန်းကို ဦးဆောင်ပြီးတော့ ပို့ချပါတယ်။

 

ကျွန်တော်တို့ လက်ဆင့်ကမ်းအမွေ ကောင်းကောင်းရပါတယ်။ ဆရာကြီး ဒေါက်တာ ခင်မောင်ကြွယ်နဲ့အတူ ဟိုတုန်းက ကင်းထောက်ကြီးတွေလည်း ပါပါတယ်။ ဟိုတုန်းက ကင်းထောက်ကြီးတွေက ကင်းထောက်ပြန်ဖွဲ့မယ်ကြားတော့ တော်တော်ဝမ်းသာကြတယ်။

 

ဦးအေးကြိုင်။ ။ ဆရာကြီး ပြောတဲ့အထဲမှာ ကင်းထောက်ကြီးတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိတော့ ပြန်လည်ဖွဲ့စည်းတဲ့အခါ တွေ့ဆုံပွဲတွေ လုပ်တာမျိုးရှိပါသလားခင်ဗျာ။

 

ဒေါက်တာတင်ညို။ ။ ကျွန်တော် မှတ်မှတ်သားသား ပြောရရင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကင်းထောက်ကြီးတွေ တွေ့ဆုံပွဲလုပ်ပါတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာပါ။ အဲဒီမှာ သက်ကြီးကင်းထောက်ကြီးတွေ တက်ပါတယ်။ အင်မတန်ကို ဝမ်းသာအားရရှိပါတယ်။ အဲဒီလို တက်တဲ့အထဲက အသက်အကြီးဆုံးပုဂ္ဂိုလ်ပြောတဲ့ စကားကိုခုထိ နားထဲကနေကြားနေမိ ပါတယ်။ ကင်းထောက် ဒီလိုရှင်သန်လာတာ ဝမ်းသာပါတယ်။ ဒီလိုမျိုး နောက်တစ်ကြိမ် မဖြစ်စေဖို့အတွက် ဝိုင်းဝန်းစောင့်ရှောက်ပါ ဆိုပြီး ပြောခဲ့ပါတယ်။ ကင်းထောက်ကြီးတွေက အင်မတန်ကို အဆင်သင့်ဖြစ်တဲ့အတွက် နောက်ထပ် သင်တန်းတွေလုပ်တဲ့အချိန်မှာ အသက် အရွယ်ကိုမငဲ့ဘဲ စောင့်ရှောက်ခဲ့တဲ့ကင်းထောက်ကြီးတွေ အများကြီးပေါ်လာပါတယ်။

 

ဦးအေးကြိုင်။ ။ ကင်းထောက်ကြီးတွေဆီကနေ ကျွန်တော် လေ့လာမိတာတစ်ခုက Once a Scout, Always a Scout ဆိုတဲ့စကားကို ကြားမိခဲ့ပါတယ်။ အဲဒီစကားရပ်ကို နောက်တက်တဲ့ ကင်းထောက်လူငယ်တွေက အင်မတန် အားကျ ဂုဏ်ယူမှာပါ။

 

ဒေါက်တာတင်ညို။ ။ အဲဒီ အတွေ့အကြုံလေး တွေက တစ်သက်လုံး ခံယူသွားတဲ့ ခံယူချက်ပါ။

 

ဦးအေးကြိုင်။ ။ ဆရာကြီး ဒေါက်တာတင်ညိုရဲ့ ကင်းထောက်သမိုင်းကို အားလုံးက စိတ်ဝင်စားကြမှာပါ။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှာ ဒုတိယ ကင်းထောက်ချုပ် တာဝန်ယူတဲ့ ဆရာဦးသာစိန်ရဲ့ အတွေ့အကြုံတွေကိုလည်း ဆွေးနွေးပေးပါ ခင်ဗျာ။

 

mdn

ဦးသာစိန်။ ။ ကင်းထောက်ဆိုတာ Once a Scout Always a Scout ဆိုတဲ့ စိတ်ဓာတ်ဟာ ကင်းထောက်ဖြစ်တဲ့ လူတိုင်းမှာ အင်မတန် စွဲမက်စရာ စကားလုံးဖြစ်ပါတယ်။ ကျွန်တော်က ၁၉၅၁ ခုနှစ် အခု TTC လို့ ခေါ်တဲ့ ကျောင်းမှာ ၅ တန်းက ကင်းထောက် စဖြစ်ခဲ့ပါတယ်။ ညီရင်းအစ်ကို ကဲ့သို့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်။ ကျွန်တော်က Second Class ကင်းထောက်ဖြစ်ခဲ့ပါတယ်။ ၁၄ နှစ် မပြည့်ခင် ဖြစ်ပါတယ်။ ၁၂ နှစ်က ဝင်ပြီးရင် ခြေနု (tender foot) တံဆိပ်က စပါတယ်။ Second Class မှာ ဘာသာရပ်တွေ တော်တော်များပါတယ်။ တော်တော်လည်း ခက်ခက်ခဲခဲဖြေရပါတယ်။ ကင်းစိတ်  ကလေးတွေ ရှိပါတယ်။ အစုအဖွဲ့လေးတွေ ရှိပါတယ်။

 

ကျောင်းတိုင်းမှာ ကင်းထောက်ဆရာ ရှိပါတယ်။ ကင်းထောက်ဆရာက ကင်းထောက်အကြောင်းကို ကျွန်တော်တို့ကို လမ်းညွှန်ပါတယ်။ အခုလို ကင်းထောက် ပြန်ဖွဲ့တဲ့အပေါ် အင်မတန် ဝမ်းသာပါ တယ်။ ကျွန်တော်တို့ တစ်သက်တာမှာကင်းထောက် ပြန်မဖွဲ့နိုင်တော့ဘူးလို့  ထင်ခဲ့တာပါ။ ဒီလိုပြန်ဖွဲ့နိုင်တာ ကျွန်တော်တို့အတွက် ဝမ်းအသာဆုံးပါပဲ။

 

ဦးအေးကြိုင်။ ။ ကင်းထောက်ချုပ်ပြောတဲ့ အထဲမှာလည်း ပါပါတယ်။ ဒီလိုပြန်ဖွဲ့နိုင်တာကို ဝမ်းသာတဲ့အကြောင်းပါ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့အသက် ၈၀ ကျော် ၉၀ အရွယ် ကင်းထောက်တွေဟာလည်း ဝမ်းသာမှာပါ။ ဆရာကြီး ဒေါက်တာခင်မောင်ကြွယ်ဆိုရင် ကွယ်လွန်သွားပြီ။ နောက်ပြီးတော့ ဆရာကြီး ဦးသန်းဦးဆိုတာ ရှိပါသေးတယ်။

 

ဒေါက်တာတင်ညို။ ။ ဆရာကြီး ဦးသန်းဦး က ၉၂ နှစ်ပါ။  ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေး မဟာဌာန မှာ ကင်းထောက်ဖြစ်ခဲ့တယ်။ အစဉ်အဆက်က သက်ကြီးပိုင်း ကင်းထောက်ကြီးတွေက တကယ်ကို အတွေ့အကြုံရှိခဲ့တယ်။ ကျွန်တော့်ဆီကို ကင်းထောက်ကြီး တစ်ယောက်က ဖုန်းဆက်တယ်။

 

ပြန်ပြီး ဖွဲ့စည်းမယ်ဆိုတာကို ကြားတဲ့အခါ ဝမ်းသာတယ်။ ဆက်ပြီးဖုန်း မပြောနိုင်တော့ဘူးဆိုပြီး ဖုန်းချသွားပါတယ်။ အဲဒီလောက်အထိကို ကင်းထောက်အဖွဲ့အပေါ်မှာ ခံယူထားတာပါ။

 

ဦးအေးကြိုင်။ ။ ဆရာကြီးတို့ကလည်း ၈၀ ကျော်၊ ၉၀ ကျော် အရွယ်တွေပါပဲ။ ဒါပေမယ့် ကင်းထောက်လို့ ပြောလိုက်ရင် ရွှင်လန်း လာပါတယ်။ ဒါကဘယ်လိုခံယူထားလို့လဲ ဆိုတာကို သိပါရစေ။

 

ဦးသာစိန်။ ။ ကင်းထောက်ဟာ အမြဲပြုံးရွှင်နေရမယ်ဆိုတာ ကင်းထောက် ကျင့်ဝတ် ၁၀ ပါးမှာ ပါပါတယ်။ အခက် အခဲတွေ့လာတဲ့အခါ ရဲရဲရင့်ရင့် ရင်ဆိုင်တတ်အောင်ပါ။ ဒါကို ကျွန်တော် အကြိုက်ဆုံးပါ။ ကျွန်တော်က ခရစ်ယာန် လူမှုရေးအဖွဲ့အစည်း YMCA မှာ ပါဝင်ခဲ့ပါတယ်။ မန္တလေး YMCA မှာလည်း ပါတယ်။ ရန်ကုန်ရောက်လာပြီး အခုတော့ အမျိုးသား YMCA ရဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေပါတယ်။

 

ဦးအေးကြိုင်။ ။ ဒီလိုဆိုရင် ကင်းထောက်နဲ့ YMCA နဲ့ အချိတ်အဆက်များရှိပါသလား ခင်ဗျာ။

 

ဦးသာစိန်။ ။ ရှိပါတယ်။ ဦးဘဌေးတို့ခေတ်မှာ နိုင်ငံတကာ ကင်းထောက်မင်းကြီး ရှိပါတယ်။ ဦးတင်ထွန်းက နိုင်ငံတကာ ကင်းထောက်မင်းကြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဦးတင်ထွန်းက YMCA ရဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေတဲ့သူလည်း ဖြစ်ပါတယ်။ လောဒ့်ဗေဒင် ပါဝယ်လ်က မြန်မာနိုင်ငံကို လာဖူးပါတယ်။ ၁၉၂၁ ခုနှစ်မှာ လာခဲ့ဖူးပါတယ်။ ပထမဦးဆုံး ကင်းထောက်ဖခင် လာဒ့်ဗေဒင်ပါဝယ်လ် ပါဝင်ပြီး မီးပုံပွဲကျင်းပတယ်ဆိုတဲ့ အထောက်အထား တွေ့ရပါတယ်။ အဲဒါကို တင်နိုင်တိုးရေးသားတဲ့ စာအုပ်ထဲမှာပါတယ်။ ။

 

mdn

ဦးအေးကြိုင် ။   ။ ကမ္ဘာ့ကင်းထောက်ဖခင် လော့ဒ်ဗေဒင်ပါဝယ်လ်က မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခု ရန်ကုန် တက္ကသိုလ်ရာပြည့်ပွဲ ကျင်းပတဲ့နေရာမှာ မီးပုံပွဲလုပ်ခဲ့တယ်။ ကျွန်တော်လေ့လာ မိတာတစ်ခုက လော့ဒ်ဗေဒင်ပါဝယ်လ် ကမ္ဘာ့ကင်းထောက်ဖခင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သူမွေးခဲ့တယ်။ ဆရာကြီးတို့ မြန်မာနိုင်ငံကင်းထောက် အဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ Founder's Day ဆိုတာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၇၁ နိုင်ငံလောက်က ကင်းထောက် လုပ်ငန်းကို မွန်မွန်မြတ်မြတ် လုပ်နေပြီး ကင်းထောက်ကို တန်ဖိုးထားတဲ့ သူ့သက်ဆိုင်ရာ နိုင်ငံက သမ္မတ၊ ဘုရင်၊ ဝန်ကြီးချုပ်တွေကိုယ်တိုင် ကင်းထောက်ချုပ် လုပ်ခဲ့တယ်ဆိုရင် နှစ်တစ်ရာတိုင်တိုင် ကမ္ဘာကလက်ခံတဲ့ ဒီစနစ်နဲ့ပတ်သက်တဲ့ ကင်းထောက်လုပ်ငန်းကို စတင်တီထွင်ခဲ့တဲ့ လော့ဒ်ဗေဒင် ပါဝယ်လ်က မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့ စကားလေးတစ်ခု ပြောခဲ့တယ်လို့ကြားဖူးပါတယ်။ အဲဒါကို သိပါရစေခင်ဗျာ။  

 

mdn

ဒေါက်တာတင်ညို။       ။သူရေးခဲ့တဲ့ စာအုပ်လေးတစ်အုပ်ရှိတယ်။ Rovering to Success စာအုပ်ရဲ့ စာမျက်နှာ ၇ မှာ အင်မတန် ထူးခြားတဲ့ အပိုဒ်လေးတစ်ခုပါတယ်။ နိုင်ငံအဖြစ်နဲ့ လူမျိုးအဖြစ်နဲ့ ကြည့်ခဲ့ရင် တစ်ကမ္ဘာလုံးမှာ ပျော်ရွှင်မှုအများဆုံး လူမျိုးဟာ မြန်မာတွေပဲလို့ သူပြောခဲ့တယ်။ မှတ်မှတ်ရရပါပဲ။ မကြာခင်က ကျင်းပခဲ့တဲ့ ကင်းထောက် Founder's Day မှာ ဆရာဟိန်းလတ်ကလည်း ဒါကို ပြန်ညွှန်းသွားခဲ့ပါတယ်။ ဘယ်လောက်အထိလည်းဆိုတော့ မြန်မာတွေရဲ့ စိတ်ဓာတ်ကို ၁၉၂၁ ခုနှစ်မှာ သူလာပြီး လေ့လာ ခဲ့ပုံရတယ်။ ၁၉၂၁ ခုနှစ်က ရေးသားတဲ့စာအုပ်မှာ သူအဲဒီလို ညွှန်းတယ်။ ကမ္ဘာပေါ်မှာ အရိုးသားဆုံး၊ အပျော်ရွှင်ဆုံး လူတွေဟာ မြန်မာတွေလို့  သူရေးသား ခဲ့တယ်။

 

ဦးအေးကြိုင်။    ။ လော့ဒ်ဗေဒင်ပါဝဲလ်က ကမ္ဘာမှာ မြန်မာကို အပျော်ရွှင်ဆုံး၊ အရွှင်လန်း၊ အတက်ကြွဆုံးလို့ ဂုဏ်ပြုခဲ့တယ်။ အခု ၂၀၂၀ ဆိုရင် နှစ်တစ်ရာ တိုင်နေပါပြီ။ ကင်းထောက်ရဲ့ ရည်မှန်းချက်ထဲမှာလည်း သူပြောတဲ့ အဲဒါတွေပါတယ်။ သဘောက လူဆိုတာ ပျော်ဖို့ဆိုတာ သူတို့စိတ်ထဲမှာကိုက လုံခြုံမှုရှိဖို့လိုတယ်။ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ လိုတယ်။ သဘောက အဲဒီစိတ်အလှတွေ ထွန်းလင်းမှ ပျော်ရွှင်တယ်ဆိုတဲ့ စကားကိုရမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကင်းထောက်သမိုင်း ကောင်းခဲ့တယ်။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာ့ ကင်းထောက်ဖခင် ကိုယ်တိုင်က ပေးခဲ့တဲ့ ဒီစကားရပ်လေးဟာ ပြန်လည်ရှင်သန်လာပြီ။ မြန်မာနိုင်ငံ ကင်းထောက်က အထီးကျန်ပြီး နေလို့မရဘူး။ ကျွန်တော်တို့က ကမ္ဘာ့အသိုက်အမြုံထဲကို ဝင်ရပါမယ်။ ကမ္ဘာ့ကင်းထောက် မိသားစုထဲကို ဝင်ဖို့ဆိုရင် နိုင်ငံတကာဆက်သွယ်မှု လိုပါတယ်။ ကင်းထောက်အဖွဲ့ရဲ့ နိုင်ငံတကာ ဆက်သွယ်ရေးမှူး တာဝန်ကို ယူထားတဲ့ ဦးမောင်မောင်ဝင်းက မြန်မာ့ ကင်းထောက်ကို ကမ္ဘာကသိအောင်၊ အာရှ-ပစိဖိတ်ဒေသကသိအောင် ဘာတွ ေဆောင်ရွက်နေတယ်ဆိုတာ အများပြည်သူသိရှိအောင် ပြောပြပေးပါဦး။

 

mdn

ဦးမောင်မောင်ဝင်း။       ။ကျွန်တော်ကအခုလက်ရှိတော့ YMCA ရဲ့ အထွေထွေ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာ YMCA နဲ့ကင်းထောက်က လုပ်ငန်းတွေကို အတူတကွ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်က ကင်းထောက် ပြန်လည် ဖွဲ့စည်းခဲ့တဲ့အချိန်မှာ ကျွန်တော်တို့စိတ်ထဲမှာ ကျွန်တော်တို့ အဖွဲ့အစည်းအချင်းချင်း ဘယ်လိုကူညီကြမလဲဆိုတဲ့ စိတ်ဓာတ်က အရေးကြီးပါတယ်။

 

ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတဲ့ စိတ်ကဝင်ခဲ့တော့ ပထမဦးဆုံး အနေနဲ့ အာရှ-ပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်ရုံးက ဒါရိုက်တာဆီကို ကျွန်တော် စာရေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကင်းထောက် ပြန်လည်ဖွဲ့စည်းပါပြီ။ ဒါကြောင့် ကင်းထောက်လုပ်ငန်းတွေ ဆက်လက်ရှင်သန်ပြီး ကမ္ဘာ့အသိုက်အဝန်းကို မြန်မာနိုင်ငံကင်းထောက် ရောက်ရှိဖို့အတွက်က သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တွေ့ဆုံပြီး ကျွန်တော်တို့ လုပ်ငန်းတွေကို ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့၊ လာရောက်တွေ့ဆုံဂါရဝပြုဖို့ စာရေး လိုက်ပါတယ်။

 

ဦးအေးကြိုင် ။   ။ ဆရာကြီးကင်းထောက်ချုပ် ပြောတဲ့အထဲမှာလည်းပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှု၊ ပညာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတော့ ဆရာက ပညာရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်မှုကို ဆောင်ရွက်ပေးတာပါလားခင်ဗျာ။

 

ဦးမောင်မောင်ဝင်း။       ။YMCA အနေနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို စာရေးပါတယ်။ နိုင်ငံတကာက ကင်းထောက်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို လာချင်ပါတယ်။ ဝန်ကြီးကို လာရောက် တွေ့ဆုံဂါရဝပြုပြီး ကင်းထောက်လုပ်ငန်းစဉ်တွေ ပူးပေါင်း ဆောင်ရွက်ဖို့၊ လက်ခံတွေ့ဆုံပေးဖို့ စာရေးလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ကျွန်တော်တို့ကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။

 

အဲဒီတော့ အဖွဲ့ဝင်ရှစ်ဦးလောက် မြန်မာနိုင်ငံကိုလာပါတယ်။ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေပါ ပါဝင်တယ်။ လာရောက် တွေ့ဆုံပြီး အနာဂတ် လုပ်ငန်းစဉ်တွေကို အာရှ-ပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်၊ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်တွေနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ ကင်းထောက် လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ စီစဉ်ကြပါတယ်။

 

ကမ္ဘာ့ကင်းထောက် အသိုက်အဝန်းမှာ ပြန်လည်ပြီး အဖွဲ့ဝင်အဖြစ် ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကင်းထောက်ရဲ့ ဖွဲ့စည်းပုံ၊ စည်းမျဉ်းကို ကျွန်တော်တို့ ရေးဆွဲဖို့ ပြင်ဆင်ရပါတယ်။ ဒုတိယ ကင်းထောက်ချုပ်ဦးသာစိန် ဦးစီးတဲ့အဖွဲ့ကို ကင်းထောက်ဖွဲ့စည်းပုံ စည်းမျဉ်းရေးဆွဲဖို့ တာဝန်ပေးပါတယ်။ အချိန်တိုအတွင်းမှာ အဲဒီအဖွဲ့ကလည်း ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံတော်အစိုးရနဲ့ ရှေ့နေချုပ်ရုံးကို ပြန်လည်တင်ပြရပါတယ်။

 

ဦးအေးကြိုင် ။   ။ မြန်မာနိုင်ငံကင်းထောက်ရဲ့ စည်းမျဉ်းဥပဒေတွေကို နိုင်ငံတော်က အတည်ပြုပြီးပြီ ဆိုတာကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။

 

ဒေါက်တာတင်ညို။       ။ အတည်ပြုဖို့သိပ်ကို အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကင်းထောက်အဖွဲ့က တစ်ဖွဲ့တည်း ရပ်တည်လို့မရဘူး။ အာရှ-ပစိဖိတ်ရော၊ ကမ္ဘာနဲ့ပါ ချိတ်ဆက်ရင် ကျွန်တော်တို့က နိုင်ငံတော်က အတည်ပြုထားတဲ့ အဖွဲ့မဟုတ်ရင် ကျွန်တော်တို့ ချိတ်ဆက်လို့မရဘူး။ ဒါကြောင့် ဦးသာစိန်ဦးဆောင်ပြီး ဆောင်ရွက်ကြရတဲ့အခါ၊ ကျွန်တော်တို့ ကတိခံယူတဲ့အခါ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပတ္ထနာပြု၍ ကတိပြုပါသည်လို့ပါတယ်။ အဲဒါဟာ လိုရဲ့လားဆိုတာကို အထူးအဆန်း ဖြစ်နေတယ်။ ဒါသည်သိပ်ကို အရေးကြီးတယ်၊ အဖွဲ့အစည်းအားလုံးမှာ ကျွန်တော်တို့ကင်းထောက် အဖွဲ့ပဲ ဒီလို စာတမ်းပါတယ်။ ဂုဏ်သိက္ခာဆိုတဲ့စကားက အင်မတန်တန်ဖိုးရှိ ပါတယ်။ အဲဒီလိုနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော်အစိုးရအဖွဲ့က အတည်ပြု ပေးခဲ့တယ်။

 

ဦးအေးကြိုင် ။   ။ဒါဆိုရင် မြန်မာနိုင်ငံအတွက် နိုင်ငံတော်အစိုးရက အတည်ပြုတဲ့ စည်းမျဉ်းကို ခိုင်ခိုင်မာမာ ထုတ်ပြန် ပေးနိုင်ခဲ့တယ်။ ဦးမောင်မောင်ဝင်းရဲ့ အခြားအတွေ့အကြုံလေးလည်း ပြောပြပါဦး။

 

ဦးမောင်မောင်ဝင်း။       ။ ကင်းထောက်ဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲပြီးတဲ့အခါ အာရှ-ပစိဖိတ်က တာဝန်ရှိသူတွေလာပြီး ဖွဲ့စည်းပုံ စည်းမျဉ်းကို နိုင်ငံတကာနဲ့ အချိတ်အဆက် မိနိုင်အောင် ကျွန်တော်တို့နဲ့ သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ နိုင်ငံတကာနဲ့ အချိတ်အဆက် မိနိုင်အောင် သူတို့ရဲ့ အကြံပြုချက်တွေ ရယူပါတယ်။ ပြီးတော့ နိုင်ငံတော်အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။

 

ဒေါက်တာတင်ညို။       ။ ကျွန်တော်တို့က အရင်တုန်းက Boy Scout လို့ဆိုတယ်။ ဒါပေမယ့် အာရှ-ပစိဖိတ်နဲ့ တိုင်ပင်ပြီးညှိတဲ့အခါ အခုကမ္ဘာ့ကင်းထောက်အဖွဲ့ရဲ့ Trend က ပြောင်းသွားပြီ။ ကျွန်တော်တို့ ကင်းထောက်အဖွဲ့မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ဝင်ရောက် ခွင့်ရှိတဲ့အတွက် Boy Scout မှာ Boy ဆိုတာကို ချန်ထားခဲ့ရတယ်။

 

ဦးအေးကြိုင် ။   ။ ဒါဆိုရင်ဆရာကြီးတို့ မြန်မာနိုင်ငံကင်းထောက် အဖွဲ့အစည်းအောက်မှာ ယောက်ျားလေးတွေသာ မဟုတ်တော့ဘဲကျား၊ မ မဟူ ဝင်လို့ရသွားပြီ။ ဆရာကြီးတို့ ကတိသုံးပါးထဲမှာ ကျွန်တော်လေ့လာမိတာက လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမရွေး ဝင်ရောက် ခွင့်ရှိတာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ပေါ့နော်။ အဲဒါလေးက ထူးခြားပါတယ်။

 

ဒေါက်တာတင်ညို။       ။ ကျေးဇူးတင်ရတာက YMCA အဖွဲ့ပါ။ အဲဒီတုန်းက ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဖွဲ့နေတာ။ APR ဆိုတာ ဘယ်သူတွေမှန်းမသိဘူး။ ၂၀၁၂ ခုနှစ်မှာ သင်တန်းစပေးတယ်။ ဒီဇင်ဘာလမှာ ကင်းထောက်လေးတွေ ဖြစ်ကြတယ်။ ဆရာတို့ စီစဉ်ပေးလို့ ကျွန်တော်တို့ အရင်တုန်းက လုံးဝမသိတဲ့သူတွေ ၂၀၁၃ ခုနှစ် မေလမှာ အာရှပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်က ပထမဦးဆုံးအကြိမ် လာတယ်။ သူတို့ဆီက အာရှ-ပစိဖိတ်ဒေသက ကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ ကင်းထောက်အဖွဲ့တွေက ခေါင်းဆောင်တွေ လာကြတယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီး ကျွန်တော်တို့အတွက် အားဖြစ်ပါတယ်။

 

ဦးအေးကြိုင် ။   ။ ဦးမောင်မောင်ဝင်းအနေနဲ့ အာရှ-ပစိဖိတ်တင်မက ကမ္ဘာမှာ ချိတ်ဆက်တာလေးတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ။

 

 ဦးမောင်မောင်ဝင်း။      ။ ကျွန်တော်တို့ ပထမဦးဆုံးအနေနဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်ရုံးကို လေ့လာရေး သွားပါတယ်။ ပြီးတော့ ဖိလစ်ပိုင်နိုင်ငံက ကင်းထောက်အဖွဲ့ရဲ့ လုပ်ငန်းတွေကို လေ့လာခဲ့ပါတယ်။ ကမ္ဘာ့ကင်းထောက် အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပြန်လည်ရရှိနိုင်ဖို့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ဖိလစ်ပိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ ကြိုးစားမှုကြောင့် အချိန်တိုအတွင်းမှာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်က မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တယ်။ ဘယ်မှာ အတည်ပြုသလဲဆိုတော့ ၂၀၁၇ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကင်းထောက်ညီလာခံ အစည်းအဝေးကြီးက ဘာကန့်ကွက်ချက်မှမရှိဘဲ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။

 

ဦးအေးကြိုင်။    ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ ကိစ္စကိုလည်း ပြည်သူတွေ ပိုမိုသိရှိအောင် ကင်းထောက်ချုပ်အနေနဲ့ ရှင်းလင်းပြောကြားပေးစေလိုပါတယ်။

 

ဒေါက်တာတင်ညို။       ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်က လာရောက်ပြီး စိစစ်တယ်။ ကျောင်းတွေလည်းရောက်တယ်။ ရုံးလည်းရောက်တယ်။ ကျွန်တော်တို့အားလုံးနဲ့လည်း တွေ့တယ်။ ဒါတွေအားလုံးကို ကြည့်တဲ့အခါ ကျွန်တော်တို့မှာ ပြည့်စုံတယ်လို့ သူတို့ သဘောပေါက်ကြပါတယ်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်သင့်တယ်ဆိုပြီး ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံ ၁၆၃ နိုင်ငံကို အကြောင်းကြားစာပို့ပါတယ်။ သုံးလအတွင်း ကန့်ကွက်မယ့်သူရှိရင် ကန့်ကွက်ပါ။ ငါးရာခိုင်နှုန်းထက် ပိုများခဲ့ရင်တော့ ကမ္ဘာ့ကင်းထောက် ညီလာခံကျမှ အတည်ပြုမယ်။ အဲဒီမှာ မဲပြန်ခွဲပြီး ဆုံးဖြတ်မယ်။ ငါးရာခိုင်နှုန်းထက် နည်းခဲ့တယ်ဆိုရင်တော့ အတည်ပြု မယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ဆီကိုလည်း အကြောင်းကြားတယ်။

 

ဦးအေးကြိုင် ။   ။ ဒါဆိုရင် မြန်မာနိုင်ငံ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အခြား ၁၆၃ နိုင်ငံက ကန့်ကွက်တာများ ရှိပါသလား။ APR က မိတ်ဆွေတွေရဲ့ မြန်မာနိုင်ငံကို ပြည်လည်ရှင်သန်လာစေမှု၊ ကျွန်တော်တို့နိုင်ငံရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် တစ်နိုင်ငံမှ မကန့်ကွက်ခဲ့ကြပါဘူး။ အဲဒီလို မကန့်ကွက် ဘူးဆိုတဲ့အကြောင်းကိုလည်း သြဂုတ်လ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီကို စာပို့ခဲ့တယ်။ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၁ ရက်နေ့မှာ ကျွန်တော်တို့သည် ကမ္ဘာရဲ့ ၁၆၄ နိုင်ငံမြောက် ကမ္ဘာရဲ့ ကင်းထောက် မိသားစုဝင်ဖြစ်သွားပါတယ်။

 

ဦးအေးကြိုင်။    ။ ကမ္ဘာ့ကင်းထောက်ညီလာခံ တက်ရောက်ခွင့်ရခဲ့တာကိုလည်း ပြောပြပေးပါဦး။

 

ဒေါက်တာတင်ညို။       ။ကမ္ဘာ့ကင်းထောက်ညီလာခံက အဆုံးအဖြတ်တွေပေးတယ်။ အဲဒီလို အဆုံးအဖြတ်ပေးတဲ့ အတွက် ၂၀၁၇ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကင်းထောက် ညီလာခံကျမှ ကျွန်တော်တို့ကို တရားဝင်အသိအမှတ်ပြုလွှာ ချီးမြှင့်ပါတယ်။

 

ဦးအေးကြိုင် ။   ။မြန်မာနိုင်ငံက ကမ္ဘာ့ကင်းထောက် အသိုက်အမြုံထဲကို ရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ ညီနောင် ကင်းထောက် ၁၆၃ နိုင်ငံက တစ်နိုင်ငံမှ မကန့်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ဂုဏ်ယူဖွယ်ကောင်းကြောင်း ပြောကြားလိုပါ တယ်ခင်ဗျာ။

 

ကြေးမုံ