ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေဆင်းချိုးရာမှ  ရေနစ်သေဆုံးမှုဖြစ်ပွား 

ကန့်ဘလူ  ၈ သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့နယ်တွင် သြဂုတ် ၇ ရက်  မွန်းလွဲ ၁၂ နာရီခွဲက ကန့်ဘလူမြို့နယ် မီးသတ်စခန်း၏ တောင်ဘက်  ၉  မိုင်ကျော်အကွာ ထန်းကုန်းကျေးရွာ၏ အနောက်ဘက်  ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေဆင်းချိုးရာမှ  ရေနစ်သေဆုံးခဲ့ကြောင်း  ကန့်ဘလူခရိုင်မီးသတ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး  ဦးအောင်ဌေးဝင်းထံမှ သိရသည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့နယ်တွင်  သြဂုတ်  ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက  ကန့်ဘလူမြို့နယ်မီးသတ်စခန်း၏ တောင်ဘက်  ၉  မိုင်ကျော်အကွာ  ထန်းကုန်းကျေးရွာ၏ အနောက်ဘက် ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရသဖြင့်  ကန့်ဘလူမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး  ဦးမြင့်သိန်းဦး  ခေါင်းဆောင်၍  လူနာတင်ယာဉ်တစ်စီး မီးသတ်တပ်ဖွဲ့ဝင် ၁၂  ဦးနှင့် ထန်းကုန်းနယ်မြေ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှိုင်မင်းထွန်းနှင့် တပ်ဖွဲ့ဝင် ၂ ဦး တို့ပူးပေါင်း၍  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မောင်ဝေဖြိုးကျော် (ခ) ဝေဠုကျော်သည်  လက်ဝဲတူးမြောင်းအတွင်း သူငယ်ချင်းဖြစ်သူနှင့် ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
             

အဆိုပါ ရေနစ်ပျောက်ဆုံးခဲ့သော မောင်ဝေဖြိုးကျော် (ခ) ဝေဠုကျော် (သ) ၂၆ နှစ် ၏ ရုပ်အလောင်းအား ကန့်ဘလူမြို့နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သြဂုတ် ၇ ရက်  မွန်းလွဲ  ၁ နာရီ  ၅၅ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး  ကန့်ဘလူမြို့ ကုတင် ၁၀ဝ ပြည်သူ့ဆေးရုံ သို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
           

ဖြစ်စဉ်နှင့်စပ်လျဉ်း၍  ရေနစ်သေဆုံးခဲ့သော  မောင်ဝေဖြိုးကျော်  (ခ) ဝေဠုကျော် သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်  မဟုတ်  စစ်ဆေးနိုင်ရန်  ကန့်ဘလူမြို့မရဲစခန်းက  သေမှုသေခင်းအမှတ်စဉ် ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း  သတင်းရရှိသည်။

 
မိုးသောက် (ရွှေဘို)

 

1