ကနီမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ကနီ  ၁၄  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ခွေးများတွင် ဖြစ်ပွားတတ်သည့် ခွေးရူးရောဂါ မဖြစ်ပွားစေရေး ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေး စုပေါင်းထိုးနှံခြင်းကို ဇွန် ၁၂ ရက်က အဆိုပါကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းလင်းထံမှသိရသည်။

 

ခွေးများတွင် ဖြစ်ပွားတတ်သော ခွေးရူး ရောဂါကို ကြိုတင်ကာကွယ်ခြင်းအနေဖြင့်ပြည်သူများ ပူးပေါင်းပါဝင်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေးကို ကြိုတင်ထိုးနှံပေးလျှင်ပြည်သူများ ခွေးရူးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ဇီးပင်တွင်းကျေးရွာမှ ပြည်သူများက ၎င်းတို့ကျေးရွာရှိခွေးများကို ကာကွယ်ဆေးများ ထိုးလိုပါသဖြင့် မိမိတို့ဌာနနှင့် ပူးပေါင်းကာ ပြည်သူများက ကာကွယ်ဆေးများ စုပေါင်းဝယ်ယူပြီး မိမိတို့ဌာနဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ကြောင်းဒေါက်တာထွန်းလင်းက ပြောသည်။

 

အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး စုပေါင်းထိုးနှံမှုတွင် ဇီးပင်တွင်းကျေးရွာမှ ခွေးပိုင်ရှင် ၄၃ ဦးတို့၏အိမ်မှ ခွေးကောင်ရေ ၅၉ ကောင်နှင့် ကြောင်တစ်ကောင်တို့ကို ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးရောဂါ ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းနှင့် ပတ်သက်သည့် ခွေးရူးရောဂါ ကာကွယ်ဖို့ ဝိုင်းဝန်းကူညီကြပါစို့အသိပညာ ပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)