ကံ့ကော်တန်းက လွမ်းနေမည် 

articles_advs

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်


ဒေါက်တာအောင်ဆန်း   (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)
လွမ်းတတ်သူများအတွက်   ဘယ်အရာမဆို   လွမ်းစရာတွေချည်းဖြစ်သည်။ တန်ဖိုးထားလေ ပိုလွမ်းလေ ဖြစ်သည်။   သို့သော်  အချို့သောအလွမ်းများက  လွမ်းသူကို ပူလောင်စေတတ်၊ အိုမင်းစေတတ်ပါသည်။ အချို့အလွမ်းများမှာမူ လွမ်းသူကို ကြည်နူးစေတတ်၊ နုပျိုစေတတ်ပါသည်။ ဒုတိယအလွမ်းမျိုးမှာ တန်ဖိုးရှိလှသည်။ ထိုအလွမ်းမျိုးကို လူတိုင်းလွမ်းစေချင်လှသည်။ ကျွန်တော် လည်း ထိုအလွမ်းမျိုးလွမ်းတတ်ဖို့ အားထုတ်နေပါသည်။
အမိရန်ကုန်တက္ကသိုလ်ကြီး
ကျွန်တော် ယခု  လေးဆယ်ကျော်အရွယ်သို့  ရောက်နေပြီဖြစ်သည်။ အရွယ်အားဖြင့် လူလတ်ပိုင်း ဖြစ်သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် လူလတ် အရွယ်ဟု မထင်။ လူငယ်အရွယ်သာ ထင်ဆဲဖြစ်သည်။ ထိုသို့ဖြစ်အောင်လည်း ပတ်ဝန်းကျင်က လွှမ်းအုပ်ပေးထားလေသည်။ ကျွန်တော့်ကိုလွှမ်းအုပ်ထား ပေးသော ပတ်ဝန်းကျင်မှာ အခြားမဟုတ်ပေ။ ကံ့ကော်ရိပ်မြုံ ကကြိုးစုံသည့်  အမိရန်ကုန်တက္ကသိုလ်ကြီးပင် ဖြစ်ပါသည်။
ငယ်စဉ်က ရေဒီယိုမှ မကြာမကြာ ကြားရသော သီချင်းတစ်ပုဒ် ရှိပါသည်။ မြကျွန်းညို  အဖွဲ့သားများ၏ မြကျွန်းညိုသီချင်းပင် ဖြစ်သည်။ ထိုသီချင်းကို ကြားပြီး မြကျွန်းညို ခေါ် ရန်ကုန်တက္ကသိုလ်မှာ ကွန်းခိုကာ ပညာဖွေရှာလိုစိတ် တဖွားဖွား ဖြစ်ပေါ်ခဲ့ရသည်။ သို့သော်လည်း  အခြေအနေပေးဖို့  ဝေးလွန်း လှသည်။ ဝေးသည်ဆိုသော်လည်း မျှော်မှန်းခွင့်ရှိသောအရာဖြစ်၍ မျှော်မှန်း ခဲ့ပါသည်။
“စိတ်သာရှင်စော ဘုရားဟော” ဆိုသည့်အတိုင်း ဆန္ဒကို လုံ့လဖြင့်ဝန်းရံ နိုင်ခဲ့သောကြောင့်  ရန်ကုန်တက္ကသိုလ်၌   မဟာဝိဇ္ဇာကျောင်းသားအဖြစ် တက်ရောက်ခွင့်ရခဲ့ပါသည်။ ကျွန်တော့်လို ကျေးတောသား  တစ်ယောက် အတွက် နတ်ရေကန်ထဲ ရောက်သကဲ့သို့ ပျော်ရွှင်ကြည်နူးမဆုံး ဖြစ်ခဲ့ရသည်။ ပျော်ရွှင်ရုံသက်သက်ဆိုလျှင် ပျက်စီးခြင်းဘေးနှင့် ကြုံရတတ်ပါသည်။ ပျော်ရွှင် မှုနောက် ကြည်နူးမှုပါမှသာ  ဘဝတိုးတက်ခြင်းသို့   ပို့ဆောင်ပေးနိုင်ပေလိမ့် မည်။  ရန်ကုန်တက္ကသိုလ်ထဲရောက်လာလျှင်   ပျော်ရွှင်မှုကိုလည်း  ရှာဖွေ ရပေလိမ့်သည်။ ကြည်နူးမှုကိုလည်း ရှာကြံရပေလိမ့်မည်။
သမိုင်းက သက်သေခံလျက်ရှိ
ရန်ကုန်တက္ကသိုလ်ရောက်ပြီဆိုလျှင် အဓိပတိပေါက်ရှိ “နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ”ဆိုသော ကျောင်းဆောင်ပုဒ်ကို    တွေ့ရပေလိမ့်မည်။   “ပညာနှင့်တူသော မိတ်ဆွေမရှိ”ဟု ဆိုလိုခြင်းဖြစ်ပေသည်။ အတုမရှိသော မိတ်ဆွေနှင့်  တွေ့ဆုံ မိတ်ဆက်ပေးမည်ဟု ပြောနေခြင်းဖြစ်သည်။ အမှန်လည်း တွေ့ဆုံမိတ်ဆက် ပေးသောကြောင့် ပညာနှင့်တွေ့သွားကြသူတွေ မနည်းလှပေ။ ထိုအချက်ကို သမိုင်းက သက်သေခံလျက်ရှိပါသည်။
မြန်မာ့သမိုင်းတစ်လျှောက်တွင်  လိုအပ်ချက်အရ  ပေါ်ထွက်ခဲ့သူများ ရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ခဲ့ပြီးနောက် လွတ်လပ် ရေးနှင့် ဝေးနေခဲ့ရသည်။ ထိုလွတ်လပ်ရေးကို ပြန်လည်ရယူပေးမည့်သူတစ်ဦး ပေါ်ထွက်လာခဲ့ပါသည်။    ထိုသူမှာ   သခင်အောင်ဆန်းမှသည်   ဗိုလ်ချုပ် အောင်ဆန်းဖြစ်လာသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသား မောင်အောင်ဆန်း ပင်  ဖြစ်သည်။    သမိုင်းလိုအပ်ချက်ကို  သိရှိမွေးထုတ်ပေးခဲ့သည့်  ရန်ကုန် တက္ကသိုလ်ဟု ဆိုနိုင်ပါလိမ့်မည်။
အဓိပတိပေါက်မှ ဝင်လိုက်လျှင်  တည်ငြိမ်ခံ့ညားလှသော  ဘွဲ့နှင်းသဘင် ခန်းမကို    တန်းမြင်ရပေလိမ့်မည်။   ဘွဲ့နှင်းသဘင်သို့လျှောက်ရာ    အဓိပတိ လမ်းဝဲ၊ ယာ၌ ရေတမာတန်းက နေပြောက်မထိုးအောင် အုပ်မိုးပေးထားပါသည်။  အဓိပတိလမ်းနှင့် ရေတမာတန်းက လွမ်းတတ်သူများကို မမေ့နိုင်အောင် ပြုစား တတ်ပေသည်။ နောင်တစ်ချိန် “အဓိပတိလမ်းမပေါ်မှာ  လျှောက်ဖူးခဲ့ပါသည်”  ဆိုသောသီချင်းသံ၊ “အဓိပတိလမ်းမထက် အတိတ်က တို့ခြေရာများ” ဆိုသော  သီချင်းသံတို့ကိုကြားမိလျှင် စိတ်မျက်စိထဲ  မြင်ယောင်လာကာ  တမြည့်မြည့် လွမ်းနေပေလိမ့်သည်။
သစ်ပုပ်ပင်နှင့် ရန်ကုန်တက္ကသိုလ် ခွဲမရပါလား
ဘွဲ့နှင်းသဘင်ခန်းမ မရောက်မီ လက်ယာဘက်တွင် ရာဇဝင်ထဲက သစ်ပုပ် ပင်ကြီးကို ထီးထီးမားမား မြင်ရပေလိမ့်မည်။ ထိုသစ်ပုပ်ပင်ကြီးသည် ရန်ကုန် တက္ကသိုလ် စတည်ကတည်းက ရှိခဲ့သည်ဟု ဆိုကြသည်။ ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော် ဟုလည်း ဆိုနိုင်ပေသည်။ မှတ်မိပါသေးသည်။ ၂၀၀၈ ခုနှစ် မေလ တွင် နာဂစ်မုန်တိုင်း အတိုက်ခံခဲ့ရပါသည်။ နာဂစ်ဒဏ်ကို တစ်နိုင်ငံလုံးဆိုသလို  အနည်းနှင့်အများ  ခံကြရသည်။  ထိုအထဲတွင်   ရန်ကုန်တက္ကသိုလ်ကြီးလည်း ပါပါသည်။  ကျွန်တော်လည်း   ရန်ကုန်တက္ကသိုလ်ထဲတွင်   ရှိနေသောကြောင့်  ထိုအဖြစ်အပျက်များကို ကိုယ်တိုင်မျက်မြင် တွေ့ရခံစားခဲ့ရပါသည်။  ထိုအခါ  ကျောင်းပြင်ပရှိသူများက သစ်ပုပ်ပင်သတင်းကို မေးသူမေးကြသည်၊  ကိုယ်တိုင် လာကြည့်သူ ကြည့်ကြသည်။  ထိုအချိန်မှစ၍ ရန်ကုန်တက္ကသိုလ်နှင့် သစ်ပုပ်ပင်၊  သစ်ပုပ်ပင်နှင့် ရန်ကုန်တက္ကသိုလ် ခွဲမရပါလားဟု အောက်မေ့ခဲ့ရပါသည်။
ထိုသစ်ပုပ်ပင်ဘေးတွင် ဘွဲ့နှင်းသဘင်က ခံ့ညားစွာ တည်ရပ်လျက်ရှိသည်။  ပုံသဏ္ဌာန်က လေးထောင့်စပ်စပ်၊  အတွင်းပိုင်းက   သစ်လွင်လှပသေသပ်လျက် ရှိသည်။ သို့သော် အပြင်ပိုင်းကတော့ ချေးမခြစ်၊ ဆေးမသုတ်ဘဲ ပကတိအတိုင်း    ထားထားသည်။   အချို့က    ဇရာသဘောကို ပြလို၍ ဆေးမသုတ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ  ထိုအကြောင်းတို့ကို  ဘွဲ့နှင်းသဘင်ကြီးကသာ အသိဆုံးဖြစ်ပါလိမ့်မည်။ ဘွဲ့နှင်းသဘင်ကြီးက  သူဖြတ်သန်းခဲ့ရသော သမိုင်း တို့ကို နှောင်းလူတို့အား   ဆက်၍ပြောပြနေပေလိမ့်မည်။ နှောင်းလူတို့ကလည်း   ဘွဲ့နှင်းသဘင်ကြီးရှိနေသရွေ့  သမိုင်းခြေရာကို ကောက်နိုင်ပေလိမ့်မည်။
ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စုကြီးထဲက  ပြည်ထောင်စုလေး  ဟု တင်စားခဲ့သည့်အတိုင်း လူလည်းစုံလှသည်။ အဆောင်လည်းစုံလှပေသည်။ ယောကျ်ားလေးဆောင်၊  မိန်းကလေးဆောင်၊ ညီအစ်ကိုဆောင်၊ ညီအစ်မဆောင်၊    မောင်နှမဆောင်တို့ဖြင့် စုံလင်လှသည်။  ဆည်းလည်းလေး၊   လိုက်ကာလေး  တို့၏ လှောင်ရယ်ခြင်းကိုပင်မမှုဘဲ   သီချင်းဆိုသူများ  ပေါလှသည့်အဆောင်၊  ပုံပြင်ထဲက ဇာတ်လိုက်ကြီးကို ဘယ်သူလဲလို့ မမေးကြရန် တောင်းပန်တားမြစ်   ခြင်းခံရသည့်အဆောင်၊   ငြိမ်းချမ်းမှုအပေါင်းတွေ   ခညောင်းပါစေဟူသော ဆုတောင်းသံတွေ ဝေခဲ့သည့်အဆောင်စသည့် သီချင်းထဲက အဆောင်များ ကလည်း ရန်ကုန်တက္ကသိုလ်ကို ပိုလွမ်းအောင် ဖန်တီးနေသကဲ့သို့ ရှိပါသည်။
ရန်ကုန်တက္ကသိုလ်အကြောင်းပြောလျှင် အာစီကလည်း မပါမဖြစ်ပေ။ အာစီက အားကစား၊ အနုပညာ၊ ပြပွဲ၊  ပြိုင်ပွဲစသည်တို့   ကျင်းပရာနေရာပဲ  ဖြစ်သည်။ အာစီမှာတွေ့ရင်း မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ၊ စိတ်အနေပြောင်းရင်း    ချစ်သွားကြတာတွေလည်း   နည်းမည်မဟုတ်ပေ။  ရန်ကုန်တက္ကသိုလ်၏ ချစ်သူနယ်မြေတစ်ခုဟု ဆိုနိုင်ပေလိမ့်မည်။ အာစီသာ စကားပြောတတ်ခဲ့လျှင်  ချစ်သူတို့အကြောင်းကို  မမေးရဘဲ ပြောပြနေပေ လိမ့်မည်။  
ရန်ကုန်တက္ကသိုလ်ထဲတွင် မိတ်မဆက်ရဘဲ သိနေကြသည့် အဆောက် အအုံတစ်ခု ရှိသည်။ သူ့ရှေ့တွင် ဘွဲ့ယူသူတို့ အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိသည်။ ဘွဲ့ယူသူတို့အတွက် သူပါမှ ပြည့်စုံတတ်သည်။ သူကတော့ မိုးတိုးမတ်တတ်  ရပ်လျက်သာနေသည်။ တစ်ခါတစ်ရံ သူ့ထိပ်က လရိပ်ပြာထွက်ချိန် ကြည့်နေသူ များလည်း ရှိတတ်ပြန်သည်။ သူကလည်း ကျောင်းသား ကျောင်းသူများ၏ ခံစားချက်တို့ကို ရင်နှင့်အပြည့် သိမ်းဆည်းထားသည်။ သူ့ရင်ထဲမှာ ပြောစရာ စကားတို့ အပြည့်ရှိနေခဲ့သည်။ သို့သော် ကြည့်တတ်သူများသာ  မြင်နိုင်ပေ လိမ့်မည်။ သူကတော့ အခြားမဟုတ်ပေ။ ဂျပ်ဆင်ကြီးပင် ဖြစ်သည်။ သူ့ကို မြင်တိုင်း ရန်ကုန်တက္ကသိုလ်ပုံရိပ်က ပါလာမြဲဖြစ်သည်။
တစ်ကိုယ်တည်းသမားများအတွက် မျက်နှာငယ်ရသောလမ်းများ
ရန်ကုန်တက္ကသိုလ်၌ တစ်ဆောင်နှင့်တစ်ဆောင် အကူးကို   လမ်းလေး များ ဖောက်လုပ်ထားသည်။ လမ်းအတော်များများကို အမိုးမိုးထားပါသည်။ တချို့လမ်းလေးများကိုတော့    အမိုးမိုးမထားပေ။  ထိုလမ်းလေးများသည် လူနှစ်ယောက်  လက်တွဲလျှောက်ဖို့လောက်သာ  ကျယ်သည်။ ချစ်သူစုံတွဲ အများစုလက်တွဲလျှောက်လေ့ရှိသော   လမ်းလေးများကိုတော့    ချစ်သူ လမ်းကြားဟု ခေါ်ခဲ့ကြသည်။ တစ်ကိုယ်တည်းသမားများအတွက် မျက်နှာငယ် ရသော လမ်းများပဲ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားမှန်သမျှ လမ်းဘေးအုတ်ခုံပေါ်ထိုင်ဖူးကြသည်။ ခုံပြာမဟုတ်တော့သော  ခုံညိုတန်းတွေပေါ်  ထိုင်ဖူးကြသည်။ သစ်မြစ်ပါးပျဉ်းတွေပေါ် ထိုင်ဖူးကြသည်။ သစ်ပင်ခွကြားတွင်လည်း  ထိုင်ဖူး ခဲ့ကြသည်။ သို့သော် ထိုင်သောအရသာတော့ တူမည်မဟုတ်ပေ။ ဆရာ အောင်ပြည့်၏ နောဧကနောထဲက ကိုသက်ထွန်းလို လူတွေလည်း ထိုင်ကောင်း ထိုင်ခဲ့ပေလိမ့်မည်။ သူတို့လည်း သူတို့နှင့် ပတ်သက်သလောက်တော့ နောဧက နောနေပေလိမ့်မည်။
မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် စိန်ပန်းပင်များ ရှိကြပါသည်။ ကျွန်တော် တို့ အရပ်တွင်လည်း စိန်ပန်းပင်ပေါလှပါသည်။ သို့သော် စိန်ပန်းပွင့်တွေ့ပြီ ဆိုလျှင် ကိုယ့်ရပ်ကိုယ့်မြေကို မလွမ်းဘဲ ရန်ကုန်တက္ကသိုလ်ကိုသာ  ပြေးမြင် မိသည်ဆိုလျှင် ပိုလွန်းသည် ထင်ကြလိမ့်မည်။ မတတ်နိုင်။ ရိုးရိုးသားသား ပြောခြင်းသာဖြစ်သည်။ ဘာကြောင့်လဲဟု စေ့ငုကြည့်သည်။  “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာကျဲပြန့်နေ”ဆိုသော   တွံတေးသိန်းတန်သီချင်းက  နှလုံးသားတစ်ထောင့်မှာ   နေရာယူပြီးသောကြောင့်   ဖြစ်မည်ထင်ပါသည်။ အနုပညာ၏   အစွမ်းကား   ကြီးမားပေစွ။   ကျောင်းဖွင့်ပြီဆိုလျှင် ရန်ကုန် တက္ကသိုလ်ထဲ၌ စိန်ပန်းများ ရဲရဲလှုပ်နေအောင် ပွင့်ကြသည်။ ကြွေလျှင်လည်း လွမ်းအောင် ကြွေကြသည်။ ပွင့်ခြင်းနှင့် ကြွေခြင်းကြားကို လောကသဘောဟု  မမှတ်ယူနိုင်ဘဲ လွမ်းစရာဟု မြင်နေခြင်းကို  ရူးလွန်းသည်ဟု  ဆိုလာပါက ခံဖို့သာ ရှိပါတော့သည်။
တက္ကသိုလ်နှင့် စာကြည့်တိုက် ခွဲမရစကောင်း
ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသူအပေါင်း မမေ့အောင် ဆွဲဆောင် နိုင်သည့်အထဲတွင် စာကြည့်တိုက်များလည်းပါဝင်ပါသည်။  စာကြည့်တိုက် ဝန်ထမ်းများက  “ပညာရှာသောသူ  တို့ဝိုင်းကူ”ဟူသော    ဆောင်ပုဒ်အတိုင်း ပျူပျူငှာငှာ ဆက်ဆံကြသောကြောင့် စာလည်းပိုဖတ်ဖြစ်ကြပါသည်။ ဆရာ မြသန်းတင့် ဘာသာပြန်သော “လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ”  ကို ဖတ်ကာ သူတို့ဘဝကို ပူးဝင်ခံစားမိပြီး ကိုယ့်တက္ကသိုလ် ကျောင်းသားဘဝ ကိုပါ လွမ်းမောခဲ့ရသည်။  ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ “ညီမလေးရယ် စိုးရိမ် မိတယ်”ကိုဖတ်ကာ   ဗဟုသုတစုံလင်ပြီး   ချက်ကျလက်ကျပြောတတ်သော ဆရာ ကိုမြင့်သူကို အားကျခဲ့ရသည်။ စာကြည့်တိုက်ပြတင်းပေါက်မှ  မြန်မာ့ မြင်ကွင်းကိုသာမက ကမ္ဘာ့မြင်ကွင်းကိုပါ တွေ့ခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ တစ်ဆက်တည်း   တက္ကသိုလ်နှင့် စာကြည့်တိုက်   ခွဲမရစကောင်းဟုလည်း ဆိုချင်ပါသည်။ တက္ကသိုလ်ကိုချစ်လျှင် စာကြည့်တိုက်ကိုပါ ချစ်ရပေလိမ့်မည်။
ကျွန်တော်   မဟာဝိဇ္ဇာတက်သည့်အခါ   ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ အင်းဝဆောင်တွင် အဆောင်မှူး ဆရာဦးမျိုးသန့်(ဆရာမျိုး)၏  ကျေးဇူးနှင့် နေခွင့်ရခဲ့ပါသည်။ မြန်မာစာ  မေဂျာဖြစ်သောကြောင့်  တောင်ငူဆောင်တွင် တက်ရပါသည်။ အင်းဝဆောင်မှနေ၍ စစ်ကိုင်းဆောင်၊  ပင်းယဆောင်တို့ကို  ဖြတ်ကာ ဒဂုံလမ်းအတိုင်းဝင်လာပါက ဒဂုံဆောင်နှင့်  မျက်နှာချင်းဆိုင်တွင်  တောင်ငူဆောင်ကို   ရောက်ရပေလိမ့်မည်။   အလွန်နီးသည်ဟု  ဆိုရပေမည်။
တစ်ခါတစ်ရံမူ   ထိုမှမသွားဘဲ  အင်းဝဆောင်ရှေ့မှထွက်   စစ်ကိုင်းလမ်း အတိုင်းလျှောက်  တက္ကသိုလ်များဗဟိုစာကြည့်တိုက်ရှေ့မှဖြတ်   အာစီကို ပတ်ကာ ရွှေဘိုဆောင် ခေါင်းရင်းလမ်းက သွားတတ်ပါသည်။  ဝေးသော်လည်း  သွားရသည့်အကြောင်း ရှိပါသည်။
နာဂစ်မတိုက်ခင်က ရန်ကုန်တက္ကသိုလ်၌ အပေါများဆုံးအပင်ကို ပြောပါ ဆိုလျှင် ကံ့ကော်ပင်များကို  လက်ညှိုးထိုးပြရပေလိမ့်မည်။ ထို့ကြောင့်လည်း  ကံ့ကော်မြေ၊  ကံ့ကော်တော၊  ကံ့ကော်နန်း၊   ကံ့ကော်မြိုင်တန်း   စသည်ဖြင့် တင်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။  ဤမျှ  ပေါများလှသော  ကံ့ကော်တောတွင် ကံ့ကော်ပန်းတွေ  ပွင့်ပြီဆိုလျှင်  ကံ့ကော်ရနံ့တို့  အလွန်သင်းပျံ့လှပေသည်။ ကံ့ကော်ပွင့်ချပ်များ ကြွေကာ မြေခပြီဆိုလျှင် ဖွေးဖွေးလှုပ်ကာ ပို၍ပင် မွှေးလွန်း လှပေသည်။ ဘယ်ဘဝ ဘယ်အရပ်ရောက်ရောက် မမေ့နိုင်သော အငွေ့အသက်ပဲ ဖြစ်သည်။ ထိုကံ့ကော်တန်းတို့ကလည်း သူငယ်ချင်းတွေအကြောင်း၊  ချစ်သူတွေ အကြောင်း၊   ဟိုအကြောင်း၊   သည်အကြောင်းများကို   ဆွေးဆွေးမြည့်မြည့် ပြန်ပြောပြနေပေလိမ့်မည်။ 
တက္ကသိုလ်ကြီးထဲက တက္ကသိုလ်လေးတစ်ခု
တက္ကသိုလ်တက်ဖူးသူတွေ    မဖြစ်မနေ   အရေးတကြီးလုပ်လေ့ရှိသော ကိစ္စတစ်ခုရှိသည်။  ကန်တင်းထိုင်ခြင်းပဲ ဖြစ်သည်။ ဗိုက်ဆာဆာ မဆာဆာ၊  လက်ဖက်ရည် သောက်ချင်ချင် မသောက်ချင်ချင် လူစုံ၍ဝိုင်းကောင်းပြီဆိုလျှင် လက်ဖက်ရည်ဆိုင်ထိုင်ကာ လေပစ်ကြသည်။   ဝိဇ္ဇာကန်တင်း၊  သိပ္ပံကန်တင်း၊   အီကိုကန်တင်း စသည်ဖြင့် တစ်နေ့တစ်မျိုးမရိုးရအောင် လှည့်လည်ထိုင်ရသည် မှာလည်း  အရသာတစ်မျိုး  ဖြစ်သည်။ စာအကြောင်း ပေအကြောင်းမှစ၍ ဟိုအကြောင်းသည်အကြောင်းအထိ  စုံလင်လှပေသည်။  လက်ဖက်ရည်ဆိုင်ထဲ ကိုလံဘတ်ထိုင်နေသကဲ့သို့ ရှိတော့သည်။   တစ်ခါတစ်ရံ   စာသင်ခန်းထဲတွင်  မရနိုင်သော တိုလီမိုလီ စုံစီနဖာပညာများကိုလည်း ထိုလက်ဖက်ရည်ဆိုင်တွင် ဆည်းပူးကြရသည်။  ကျွန်တော်တို့အတွက်တော့   လက်ဖက်ရည်ဆိုင်သည် တက္ကသိုလ်ကြီးထဲက တက္ကသိုလ်လေးတစ်ခုပင် ဖြစ်ပါသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က  စတင်ဖွင့်ခဲ့သော ရန်ကုန် တက္ကသိုလ်သည် ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုလျှင် နှစ်တစ်ရာပင် ပြည့်လေပြီ။   နှစ်တစ်ရာပြည့်ပြီဆိုသော်လည်း  ဟောင်းနွမ်းမသွားသေးဘဲ နုပျိုလှပနေဆဲ ဖြစ်သည်။ အသစ်အသစ်သော သားသမီးများကို မွေးမြူကာ အရွယ်တင်နေဆဲ ဖြစ်သည်။  နှစ်တစ်ရာအတွင်း  မွေးမြူခဲ့သော  သားသမီး များကလည်း ရောက်ရာအရပ်မှာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများ ရှိသကဲ့သို့၊    တာဝန်ထမ်းဆောင်ဆဲသူများလည်း  ရှိနေကြပါသည်။  သားသမီး  များကလည်း ဘယ်အရပ်ရောက်ရောက် ရောက်ရာအရပ်က အမိတက္ကသိုလ်ကို  လွမ်းကြသည်ချည်း ဖြစ်ပါသည်။
ယခု ကျွန်တော်လည်း အမိတက္ကသိုလ်ရင်ခွင်ကို ပြန်လည်ခိုဝင်ခွင့် ရနေ ပါသည်။ အဓိပတိလမ်းနှင့် အဆောင်ဆောင် အနန်းနန်းကိုလည်း လျှောက်လှမ်း ခွင့်ရနေပါသည်။ သစ်ပုပ်ပင်ရိပ်၊ ရေတမာပင်ရိပ်တို့ကိုလည်း ခိုဝင်ခွင့်ရနေပါ သည်။ တက္ကသိုလ်လေကို  ရှူခွင့်ရနေသည်ဟု   ဆိုရပေမည်။  အခြေအနေ အရပ်ရပ်ကြောင့်  အဝေးရောက်ကာ ကျွန်တော်ကဲ့သို့ တက္ကသိုလ်လေကို ရှူခွင့်မရကြသူတွေလည်း ဒုနဲ့ဒေး ရှိနေပါလိမ့်မည်။ တက္ကသိုလ်လေကို လွမ်းနေ ပေလိမ့်မည်။ ထိုထိုသောသူများကို  အမိတက္ကသိုလ်ကြီး ကိုယ်စား လက်ဆောင် စကား ပါးလိုက်ချင်ပါသည်။ “ကံ့ကော်တန်းက လွမ်းနေမည်” ဟူ၍သာ။  ။
ကြေးမုံ