ကြံခင်းမြို့ ပိုးစုကြီးအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကြံခင်း  ၃၁  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပိုးစုကြီးအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများမှ ထိန်ပင်မြောင်ကျေးရွာ လူထုဗဟိုပြုဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးခြင်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်ဆီးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထူးထံမှ သိရသည်။

 

မိုးမိုး(ပြန်/ဆက်)