ကန်ကြီးထောင့်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီ အရောင်းဆိုင်များအား စစ်ဆေး

ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ နယ် မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေးများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုး သွယ်တန်း အသုံးပြုမှုများ စနစ်ကျမှု ရှိ/မရှိ၊ အရေးပေါ် မီးငြှိမ်းသတ်ခြင်းအတွက် မီးသတ်ရေငုတ်များ၊ မီးသတ်ရေပိုက်များ ကောင်းမွန်မှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ ထားရှိမှုနှင့် စက်သုံးဆီ ရောင်းချမှုများ သတ်မှတ် စည်းကမ်းချက်များနှင့် ညီညွှတ်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။  

 

မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သည့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ် ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

 

နိုင်လင်း (ကန်ကြီးထောင့်)