ကြံ့ကြံ့ခံသည့် အသိုက်အဝန်းတည်ဆောက်

mdn

နေပြည်တော် ၂ နိုဝင်ဘာ

 

ပြီးခဲ့သည့်နှစ်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ နှုတ်သီးပျက်မှုကြောင့် ဆွာချောင်းရေလှောင်တမံ ပတ်ဝန်းကျင်ဒေသမှ ကျေးလက်နေပြည်သူများ ဘေးဒုက္ခရောက်ခဲ့ကြသည် ကို မှတ်မိနေကြဦးမည်ဖြစ်သည်။ ရေဘေးကြောင့် လူ့အသက်ဆုံးရှုံးမှု နည်းပါးသော်လည်း နေအိမ်အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ကြရသဖြင့် ပြည်သူများဘဝ များစွာထိခိုက်နစ်နာခဲ့ရသည်။

 

ဖြစ်စဉ်၌ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်သည် မှန်သော်လည်း သဘာဝဘေး အန္တရာယ် များနှင့် မကြာခဏရင်ဆိုင်ကြုံတွေ့ ရလေ့ရှိသည့် မြန်မာနိုင်ငံအဖို့ နောင်တွင် အလားတူ ဘေးအန္တရာယ်မျိုး ထပ်မံမကြုံတွေ့ စေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ အထူးသဖြင့် ဆည်၊ တမံများပေါများသော မြန်မာနိုင်ငံတွင် ဆည်များ၊ ရေလှောင်တမံများအပါအဝင် အခြေခံအဆောက်အဦများ၊ လူနေအိမ်များ ဘေးအန္တရာယ် မရှိစေရေး စနစ်တကျဆောင်ရွက်ထားရမည်ဖြစ်သည်။

 

သဘာ၀ ဘေးသည် လူတို့အနေဖြင့် မလွန်ဆန်နိုင်သော ရုတ်တရက် ဖြစ်စဉ်များဖြစ်ရာ ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။ ထိုစဉ်ကာလ ဆည်ကျိုးပျက်မှုကြောင့် ကျေးလက်နေ ပြည်သူများ ဒုက္ခဆင်းရဲများမှာ များလှ သည်ဆိုသော်လည်း တစ်နှစ်ကျော်ကာလအတွင်းမှာပင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်မှာ ကျေနပ်ဖွယ်ဖြစ်သည်။ ယနေ့ မြင်ကွင်းတွင် အဆိုပါ ကျေးလက်ဒေသ၌ နေအိမ်အသစ် ၁၇၅ လုံးတည်ဆောက် ပေးခဲ့ပြီး ဒေသခံပြည်သူများထံသို့ လွှဲပြောင်းပေးသည့်မြင်ကွင်းမှာ ဝမ်းမြောက်စရာဖြစ်သည်။ အဆိုပါ နေအိမ်များလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နောက်နောင်တွင် ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန် တစ်နိုင်ငံလုံးတွင်ရှိသည့် ဆည်များ၊ ရေလှောင်တမံ များအပါအဝင် အခြေခံအဆောက်အဦများ၏ခိုင်ခံ့မှုကို စနစ်တကျ ကြီးကြပ် စစ်ဆေးနေရန်လိုအပ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးက တာဝန်ရှိသူများအနေဖြင့် အထူးဂရုပြု ဆောင်ရွက် ကြရန် တိုက်တွန်းထားသည်။

 

အဆိုပါ နေအိမ်များလွှဲပြောင်းပေး အပ်ပွဲအခမ်းအနားတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နောက်နောင်တွင် ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန် တစ်နိုင်ငံလုံးတွင်ရှိသည့် ဆည်များ၊ ရေလှောင်တမံ များအပါအဝင် အခြေခံအဆောက်အဦများ၏ ခိုင်ခံ့မှုကို စနစ်တကျ ကြီးကြပ် စစ်ဆေးရန်လိုအပ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးက တာဝန်ရှိသူများ အနေဖြင့် အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

 

ထို့အပြင် သဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်တို့ပြန်နိုင်ရန်အတွက် ပြည်သူများကိုယ်တိုင် ပါဝင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်မှ သာလျှင် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်သည့် လူ့အသိုက် အဝန်းတစ်ခု အမှန်တကယ်ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ဘေးဖြစ် ပြီးမှ ထောက်ပံ့ခြင်းထက် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းကို ထိရောက် အကျိုးရှိအောင် ဆောင်ရွက်ထားကြရန် ဒုတိယသမ္မတ၏သတိပေးစကားကို အလေးအနက်ထား လိုက်နာကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့လေ့ ရှိသော ဘေးအန္တရာယ် အမျိုးမျိုးအနက် ရေဘေးအန္တရာယ်နှင့် မြေပြိုမှုအန္တရာယ်များကို အများဆုံးကြုံတွေ့လေ့ရှိပြီး လူအသေ အပျောက်နှင့် ထိခိုက်ဆုံးရှုံးမှု၊ နစ်နာမှုများသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အဆိုပါဆည်တမံပျက်စီးကျိုးပေါက်မှု အန္တရာယ်မှာ ကြီးမားကျယ်ပြန့်ပြင်းထန်သည့်သဘော ရှိသည်။ ယခုဖြစ်စဉ်မှာ အကြီးစားထိခိုက်မှုဟုမဆိုနိုင်သော်လည်း ထိုထက်မက အန္တရာယ် ကျရောက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မကြာသေးမီက မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုဖြစ်စဉ်တွင် ကြီးမား ကျယ်ပြန့်မှုမရှိသော်လည်း လူ့အသက်များ ဆုံးရှုံးမှု အလွန်များပြားခဲ့သည်။ သဘာဝဘေးဖြစ်စဉ်များတွင် ကြီးသည် ငယ်သည် မဟေသတိ မမူမိပါကလူ့အသက်သေဆုံး မှုများနိုင်သဖြင့် မိမိတို့ကာယကံရှင်များကိုယ်တိုင် ဘေးဖြစ်နိုင်၏။ မဖြစ်နိုင်၏ကိုလည်း ဆင်ခြင်ဉာဏ်ဖြင့် သတိရှိဖို့လိုသည်။

 

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်များသည် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တွင် နှစ်စဉ်ကြုံတွေ့ ရမည့် ဖြစ်ရိုးဖြစ်စဉ်များ ဖြစ်နေမည်ကို သိမြင်သဘောပေါက်ပြီး ဘေးဖြစ်ပြီးမှ ကူညီကယ်တင် ထောက်ပံ့ခြင်းထက် ဘေးမဖြစ်မီက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်းဖြင့် ဘေးကင်းလုံခြုံပြီး သဘာဝဘေးကို ကြံ့ကြံ့ခံနိုင်သည့် လူ့အသိုက် အဝန်းများ ထူထောင်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ