ကျွန်းလှမြို့နယ်တွင် ဘုရားခြေတော်ရာ၊ ရှေးဟောင်းကျောက်ထွင်းလက်ရာ၊ ကျောက်ထွင်းရုပ်ပုံများနှင့် ဆင်းတုတော်များတွေ့ရှိ

ကျွန်းလှ ၅ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာတွင် ဘုရားခြေတော်ရာ၊ ရှေးဟောင်းကျောက်ထွင်းလက်ရာ၊ ကျောက်ထွင်းရုပ်ပုံများနှင့် ဆင်းတုတော်များ တွေ့ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ထန်းပင်ကုန်းကျေးရွာမှ တောင်သူတစ်ဦး ယာလုပ်ငန်းလုပ်ကိုင်ရန် ခုတ်ထွင်ရှင်းလင်းရာ ဘုရားခြေတော်ရာ၊ ဆင်းတုတော်များ၊ မြေခွက်များ၊ ခေါင်းလောင်းများနှင့် ကျောက်တုံးပေါ်တွင် ထွင်းထုထားသော ပန်းချီများကို မေ ၂၃ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းသုသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)မှ ဦးစီးအရာရှိ ဦးဇော်လင်း ဦးဆောင်သော အဖွဲ့က ဇူလိုင် ၁ ရက်က လာရောက်လေ့လာရာ ခြေတော်ရာမှာ အင်းဝခေတ်မှလည်းကောင်း၊ စေတီတော်(၇)ဆူမှာ ကုန်းဘောင်ခေတ်တွင် ပြန်လည်ပြုပြင်၍လည်းကောင်း ခန့်မှန်းသုံးသပ်ထားကြာင်း အသောကရံသီ ကျောင်းတိုက်ဆရာတော် အရှင်ထေရဝံသက မြွက်ကြားသည်။

 

အဆိုပါစေတီများအား ဆရာတော်များ၊ ဂေါပကအဖွဲ့များ၊ ကျေးရွာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိပြီး ဆင်းတုတော်၊ မြေခွက်၊ ခေါင်းလောင်းများကို ဘုန်းတော်ကြီးကျောင်းတွင် ပင့်ဆောင်ထားကြောင်း၊ ယခုအခါ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်လျက်ရှိကြောင်း ထန်းပင်ကုန်းကျေးရွာနေ ဦးသောင်းညွန့်က ပြောပြသည်။

 

မျိုးဝင်းညို (ကျွန်းလှ)