ကျွန်းလှမြို့နယ်တွင် မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်ကြ၍ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ

ကျွန်းလှ၊ ၂၀ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်၊ ရှမ်းစုကျေးရွာတွင် မိရိုးဖလာအိုးလုပ်ငန်း လုပ်ကိုင်ကြ၍ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

 

ကျွန်မတို့‌ကျေးရွာမှာ တောင်သူလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိရန်အတွက် အိုးလုပ်ငန်းလုပ်ကိုင်ခဲ့တာ နှစ်ပေါင်း(၁၀၀)ကျော်ရှိပြီ ဖြစ်ပါတယ်။ ရွှံ့မြေရေတစ်ခါစိမ်အိုး (၃၂)လုံး လုပ်ရာမှာ ရွှံ့နင်းသူက ငွေကျပ်(၂၅၀၀)၊ ပုံလောင်းသူက ငွေကျပ်(၂၀၀၀)၊ လှည့်ပေးသူက ငွေကျပ်(၁၀၀၀ )ရပါတယ် ဟု လက်ခစား အိုးလုပ်သူဒေါ်ချိုက ပြောသည်။

 

အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် အဓိကကျသည့် ရွှံ့စေးမြေ သုံးဘီးတစ်စီးလျှင် ငွေကျပ် (၃၅၀၀၀)ပေးရကြောင်း၊ အိုးလုပ်ရန် ရွှံ့စေးမြေကို နေလှန်းပြီး ရွှံ့မြေလေးပုံး၊ သဲနှစ်ပုံးရော၍ ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးမြေကိုနင်း၍ ပုံလောင်း၊ တုတ်ဖြင့်သုံးဆင့်ရိုက် နေပြန်လှန်းရကြောင်း၊ အိုးများကို ကောက်ရွေးနှင့် ထင်းများ ထောင်ရွံ့ဖြင့် သရွတ်ကြမ်း မီးဖုတ်ရကြောင်း၊ တစ်နေ့အိုးအလုံး (၃၀)ကျော်ပြီးကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်မြိုင်က ပြောသည်။

 

အဆိုပါအိုးများကို ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်များမှ အိုးတစ်လုံး ငွေကျပ်(၉၀၀)ဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)