ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိဖို့လို

နေပြည်တော် ၄ နိုဝင်ဘာ

မြန်မာနိုင်ငံသည် အခြားအရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနည်းတူ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာ မြင့်မားနေပြီး ဖွံ့ဖြိုးပြီး တိုင်းပြည်များနည်းတူ မကူးစက်တတ်သော ရောဂါများ၏ နောက်ဆက်တွဲပြဿနာများကို ခံစားနေရကြောင်း၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုမှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးထိပ်သီးညီလာခံ (၂၀၁၉) တွင် ပြောကြားခဲ့သည်။ ။

ကမ္ဘာပေါ်တွင် မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသတွင်း၌လည်း မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုက ပိုမိုများပြားနေသည်။ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် စာရင်းဇယားများအရ ရောဂါဖြစ်ပွားမှု အားလုံး၏ ၄၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများဖြစ်ကြသည်။ သေဆုံးမှုအားလုံး၏ ၅၁ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး သွေးတိုးနှင့် နှလုံးသွေးကြောရောဂါကြောင့် ၂၀ ဒသမ ၆ ရာခိုင်နှုန်း၊သွေးချိုဆီးချိုကြောင့် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ကင်ဆာကြောင့် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ နာတာရှည်အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းရောဂါကြောင့် ၄ ဒသမ ၉ ရာခိုင်နှုန်း သေဆုံး ခဲ့ကြသည်ဟု သိရသည်။

မကူးစက်နိုင်သော ရောဂါများတွင် အဓိကအားဖြင့် သွေးတိုး နှင့် နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါတို့ ပါဝင်ပြီး လူမှုဘဝ နေထိုင်စားသောက်မှုပုံစံများ ကျန်းမာရေးနှင့် မညီညွတ်မှုကြောင့် ၎င်းရောဂါအစုအဝေးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်တို့ကို စွဲစွဲမြဲမြဲ သောက်သုံးမှု၊ ကိုယ်လက်လှုပ်ရှားနည်းပါးမှု၊ အငန်၊ အဆီ၊ အချိုဓာတ်များ မဆင်မခြင်စားသုံးမှုနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးမှုနည်းပါးမှု စသည့် ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုဘဝပုံစံများကြောင့် သွေးတွင်း အချိုဓာတ် အဆီဓာတ်တို့များလာခြင်း၊ သွေးပေါင်ချိန်များ မြင့်တက်လာခြင်း၊ ကိုယ်အလေးချိန်များပြီး အဝလွန်ခြင်း စသော ဇီဝကမ္မဖြစ်စဉ်များ ဖြစ်ပေါ်လာပြီး မကူးစက်နိုင်သည့်ရောဂါများ ဝင်ရောက်လာရခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ ဘူတန်၊ မော်လ်ဒိုက်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တီမောတို့ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံ အနက် မြန်မာနိုင်ငံက ဆေးလိပ်နှင့် ဆေးရွက်ကြီးပါသော ကွမ်းသုံးစွဲမှု အမြင့်မားဆုံးဖြစ်သည်ကို တွေ့ရသည်။ ယင်းအချက်ကြောင့်ပင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုမြင့်မားနေရခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။

မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုက ဝင်ငွေနည်းနိုင်ငံများတွင် မြင့်မားလေ့ရှိရာ ဆင်းရဲနွမ်းပါးမှုနှင့်လည်း ကရွတ်ကင်း လျှောက်သလို သံသရာလည်နေတတ်သည်။ ဆင်းရဲနွမ်းပါးခြင်းကြောင့် အာဟာရချို့တဲ့၊ အာဟာရချို့တဲ့၍ ရောဂါထူပြော၊ ဆင်းရဲခြင်းကြောင့် ရောဂါကို မကုနိုင်၊ ရောဂါဖိစီးနှိပ်စက်၍ ဝင်ငွေရသည့်အလုပ်ကို မလုပ်နိုင်၊ ဝင်ငွေမရသည့်အတွက် ဆင်းရဲနွမ်းပါး စသည်ဖြင့် ချာလပတ်လည်နေသည့်အပြင် ဆေးလိပ်နှင့် အရက်တို့ကို အလွယ်တကူ စွဲစွဲမြဲမြဲသောက်တတ်ကြသည်ကြောင့်လည်း ရောဂါထူပြောကြရပြန်သည်။ မကူးစက်တတ်သော ရောဂါများ၏ အဓိကလက်သည်တရားခံမှာ မိမိကိုယ်တိုင်ပင်ဖြစ်ရာ မိမိကိုယ်တိုင်၏ စွဲနေသည့် အမူအကျင့်အချို့ကို ပြုပြင်ပြောင်းလဲပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် အကျိုးရလဒ်ကောင်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဥပမာ နေ့စဉ်သုံးစွဲနေသည့် ဆေးလိပ်၊ ကွမ်းနှင့် ဆေးတို့ကို လျှော့ချဖြတ်တောက်ခြင်း၊ အရက်သောက် နေသူဖြစ်ပါကလည်း အရက်ဖြတ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် သင့်တင့်လျောက်ပတ်စွာ စားသောက်နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ဖြင့် အပိုကုန်ကျနေသည့် စရိတ်စကများ နည်းပါးသက်သာသွားမည့်အပြင် ကျန်းမာရေးအကျိုး ကျေးဇူးကိုလည်း ရရှိခံစားနိုင်မည် ဖြစ်သည်။

နိုင်ငံတော်အနေဖြင့်မူ မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ တစ်ဖက်တွင်လည်း လူတိုင်းကိုယ်စီက မိမိတို့နေ့စဉ်စားသောက် နေထိုင်မှု အပြုအမူအားလုံးတွင် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ကပ်ကာ မိမိ၏အသက်နှင့် ခန္ဓာကို ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း