ကျန်းမာရေးအတွက် အကျိုးရှိစေမည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း(၄)မျိုး

နေပြည်တော် ၄ မေ

၁။ သက်လုံကောင်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း

ဤလေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာကိုယ်ရှိ ကြွက်သားအများစု ပါဝင်ပြီး အချိန်ကြာကြာ ဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ သက်လုံကောင်းလာခြင်းဖြင့် မိမိလုပ်လိုသော အလုပ်များကို ပိုမိုလုပ်ကိုင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် နာတာရှည်ရောဂါများကိုလည်း မဖြစ်ပွားအောင်ကာကွယ်နိုင်ပါသည်။

သက်လုံကောင်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်းများ

• လမ်းလျှောက်ခြင်း (ပြင်ပ/လမ်းလျှောက်စက်)

• ရွရွပြေးခြင်း၊ တာဝေးပြေးခြင်း

• စက်ဘီးစီးခြင်း

• ရေကူးခြင်း၊လှေလှော်ခြင်း

• ဘောလုံး၊ ဘောလီဘော၊ ဘတ်စကက်ဘောကစားခြင်း

• ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း

• အေရိုးဗစ်ကစားခြင်း

• လှေကားအဆင်းအတက်ပြုလုပ်ခြင်း

• ခြေလျှင်တောင်တက်ပြုလုပ်ခြင်း

၂။ ကြွက်သားအင်အားသန်မာမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း

ကိုယ်ခန္ဓာကိုယ်ရှိ ကြွက်သားများကြီးထွားသန်မာ လာစေရန် ဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ ကြွက်သားအင်အားသန်မာမှုသည် ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှား လုပ်ကိုင်နိုင်မှုအတွက် အဓိကအထောက်အကူပြုပါသည်။ မူလချိနဲ့နေသူများအတွက် ကြွက်သားအင်အား အနည်းငယ်တိုးရုံဖြင့် အမှီအခိုကင်းစွာ လှုပ်ရှားသွားလာ ပြုလုပ်နိုင်ပါမည်။ ခန္ဓာကိုယ်အဆီမတိုးအောင် ထိန်းသိမ်းနိုင်သဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့အတွက် ကာကွယ်တားဆီးကုသရန် အထောက်အကူပြုပါသည်။

ကြွက်သားအင်အားသန်မာမှုအတွက်လေ့ကျင့်ခန်း

• အလေးမ (အလေးတုံး/ အလေးမစက်များအသုံးပြုခြင်း)

• စပရိန်များ/မျှော့ကြိုးများ အသုံးပြုသော လေ့ကျင့်ခန်းများ

• မိမိကိုယ်ခန္ဓာအလေးချိန်ကို အသုံးပြုသော လေ့ကျင့်ခန်းများ - ဒိုက်ထိုးခြင်း၊ ဘားတန်းခိုခြင်း၊ ထိုင်ထပြုလုပ်ခြင်း

၃။ ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း

ခန္ဓာကိုယ်ဟန်ချက် ထိန်းသိမ်းပေးနိုင်သော လေ့ကျင့်ခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်ဟန်ချက်ပျက်လဲ၍ ဖြစ်စေသော မတော်တဆထိခိုက်ဒါဏ်ရာရခြင်းများကို ကာကွယ်ပေးပါသည်။

ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်းများ

• ခြေတစ်ချောင်းထောက်ရပ်ခြင်း

• ထိုင်နေရာမှ လက်ကိုင်အားပြုမသုံးဘဲ မတ်တပ်ရပ်ခြင်း

• ဘယ်ညာတစ်လှည့်စီ ဖနောင့်နှင့် ခြေဖျားထိပ် ထိကပ်လျက်လမ်းလျှောက်ခြင်း

• ထိုက်ကျိကစားခြင်း

• ခန္ဓာကိုယ်ဟန်ချက်ထိန်း ဘောလုံးပျော့များ၊ ဘုတ်ပြားများ အသုံးပြုလေ့ကျင့်ခြင်း

၄။ ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း

ခန္ဓာကိုယ်အရိုးအဆစ်များကို ပျော့ပျောင်းစေသော လေ့ကျင့်ခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်အရိုးအဆစ်များ ပျော့ပျောင်းခြင်းသည် ထိခိုက်ဒါဏ်ရာရမှု၊ လဲကျမှုတို့ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။

ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်းများ

• ထိုက်ကျိ

• ယောဂ

• အကြောအဆစ်များ ဆွဲဆန့်ပေးခြင်း

သတိပြုရန်မှာ

ပျော့ပျောင်းလွန်းက အဆစ်လွဲတတ်ပါသည်။ တင်းလွန်းက အကြာကြွက်သားများ ပြတ်တတ်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN