ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာနေထိုင်သူတွေဟာ ဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး ဦးစားပေးခံရသူများဖြစ်ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ အကြံပေးကော်မတီ ပြောကြား

ဝါရှင်တန်၊  ၂ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ နေထိုင်သူတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား ဦးစားပေးပြီး ထိုးပေးသွားမယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ရဲ့ အကြံပေးကော်မတီက  အင်္ဂါနေ့က ပြောကြားပါတယ်။

 

အကြံပေးကော်မတီဥက္ကဋ္ဌ ဂျိုဆေးရိုမီရို က  ကာကွယ်ဆေး ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီး အကျိုးအများဆုံးနဲ့ အနည်းဆုံးဆိုးကျိုးဖြစ်စေနိုင်ဖို့အတွက် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

 

ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ နေထိုင်သူအရေအတွက်ဟာ ၂၄ သန်းနီးပါရှိကြောင်း သိရပါတယ်။ Pfizer နဲ့ Moderna ဆေးကုမ္ပဏီတွေကနေ ဒီဇင်ဘာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၄၀ ဖြန့်ချိနိုင်မယ်လို့ ကတိပြုထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးဖို့ လိုအပ်ကြောင်း၊ ဒုတိယအကြိမ်ဆေးထိုးရန်အတွက် Pfizer ဆေးကုမ္ပဏီထုတ် ဆေးဟာ ပထမအကြိမ်ဆေးထိုးပြီး သီတင်း သုံးပတ်မှာ ထိုးရန် လိုအပ်ကြောင်း၊  Moderna ဆေးကုမ္ပဏီထုတ် ဆေးကတော့ ပထမအကြိမ် ထိုးပြီး သီတင်း လေးပတ်မှာ ထိုးရန်လိုအပ်ကြောင်း သိရပါတယ်။

 

ဒီဇင်ဘာအပြီးမှာတော့ လူ ၅ သန်းကနေ ၁၀ သန်းအတွင်းကို အပတ်စဉ် ကာကွယ်ဆေးထိုးပေးနိုင်ဖို့ မျှော်လင့်ရကြောင်း သိရပါတယ်။

 

စောင့်ရှောက်ရေးဂေဟာတွေမှာ နေထိုင်သူတွေထဲက ၄၀ ရာခိုင်နှုန်းနီးပါး သို့မဟုတ် ၁၀၀,၀၀၀ နီးပါး ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်သူ ၃ သန်းလောက်ရှိကြောင်း သိရပါတယ်။

 

ကျန်းမာရေးလုပ်သား ဦးရေ ၂၁ သန်းထဲမှာ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးစောင့်ရှောက်ရေး ဝန်ထမ်းတွေအပြင် ဆေးရုံ၊ ဆေးခန်းတွေမှ လုပ်သားများ၊ စောင့်ရှောက်ရေးဂေဟာလုပ်သားများ၊ ဆေးဆိုင်လုပ်သားများ၊ အရေးပေါ်ဌာနလုပ်သားတွေ ပါဝင်ကြောင်း သိရပါတယ်။

 

ကာကွယ်ဆေးဦးစားပေးရမယ့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ နေထိုင်သူအား အဆင့် (1a)လို့ သတ်မှတ်ပြီး၊ အရေးကြီးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေအား အဆင့် (1b) နဲ့ တခြားသောအရေးကြီးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေနဲ့ အသက် ၆၅ နှစ်အထက်အား အဆင့် (1c) ဆိုပြီး သတ်မှတ်ထားပါတယ်။

 

MDN

ကိုးကား - AFP