"ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ထဲက သရုပ်ဆောင်သစ် မင်းဘုန်းမြတ်၏ အနုပညာ ကြိုးစားမှု

၈ မတ်

 

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏   တပည့်တစ်ဦးဖြစ်ပြီး၊ သရုပ်ဆောင်လောကကို မော်ဒယ်အဖြစ်နှင့် ဝင်ရောက်လာခဲ့ပြီး ၊ Oishi  မုန့်ကြော်ငြာကို ရိုက်ကူခဲ့သူ၊ လတ်တလောအနေဖြင့်  "မနေ့ကဖြစ်သည်" ရုပ်သံဇာတ်လမ်းတွဲ (၂) တွင် ပါဝင်သရုပ်ဆောင်ထားသည့် မျက်နှာသစ်သရုပ်ဆောင် မင်းဘုန်းမြတ် အနေဖြင့်  "ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ဇာတ်ကားကြီးတွင် ဝါရင့်အနုပညာရှင်ကြီးများ ဖြစ်ကြသော ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့နှင့်အပြိုင် သရုပ်ဆောင်ထားကြောင်း သိရသည်။

 

"ဒီကားက  ကျွန်တော် သရုပ်ဆောင်အလုပ်ကို ပထမဆုံးစလုပ်တဲ့ ကားကြီးဆိုလည်း မှန်ပါတယ်၊ အဲ့တုန်းက ကျွန်တော် လုပ်ခွင့်ရခဲ့တဲ့ လုပ်ကွက်တွေမှာ အားနည်းမှုလေးတွေရှိခဲ့ပါတယ်၊ ဆရာ ဦးမျိုးကလည် အများကြီး သင်ပေးတာတော့ ရှိခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ဘက်က လိုအပ်ချက်လေးတွေရှိခဲ့တာပေါ့နော်၊ ကျွန်တော့် အနေနဲ့ ပထမဆုံးလုပ်ခွင့်ရတဲ့ ဒီကားကြီးထဲမှာ အဖေက ကိုပြေတီဦး၊ အမေက မအူဝဲတို့ရဲ့ သားနေရာကနေ သရုပ်ဆောင်ထားတာပါ ၊ ကိုယ့်ထက်ဝါရင့်တဲ့ အနုပညာရှင်တွေနဲ့ သရုပ်ဆောင်ရတယ် ဆိုပေမယ့်၊ အားလုံးက ကျွန်တော့်ကို  ဖေးမကြပါတယ်၊ မအူဝဲဆို သူနဲ့ သားအမိနှစ်ယောက် အပြန်အလှန်စကားများကြတဲ့ နေရာတွေဆို သူအများကြီး သင်ပေးတယ် " ဟု ဆိုသည်။ 

 

အဆိုပါ ဇာတ်ကားသည် ဆရာရေးဆရာမကြီး ခင်စောဦး၏ ဝတ္ထုဖြစ်ပြီး၊  ဇာတ်လမ်း / ဇာတ်ညွန်း မျိုးမင်းနှင့် နက္ခနီတို့က ပြန်လည်ရေးသားထားပြီး ယင်းဇာတ်ကားထဲတွင် ပါဝင်ဖြစ်ခဲ့သည်နှင့် ပတ်သက်ပြီး " ပထမတော့ ဆရာက လာပြတယ်၊ ဒီကားက မင်းနဲ့ လိုက်တယ်ပေါ့နော်၊ မအူဝဲရဲ့သားနေရာကနေ လုပ်ရမယ်၊ ပြီးတော့ ကျွန်တော်နဲ့လည်း လိုက်ဖက်တယ် ဆိုတာကြောင့်ရယ်၊ ကျွန်တော်နဲ့လည်း လိုက်ဖက်တယ်ထင်လို့ လုပ်ဖြစ်ခဲ့တာပါ၊ ဖိအားတွေတော့ များခဲ့တာအမှန်ပဲ၊ ကိုယ့်ထက်ဝါရင့်တွေနဲ့ဆိုတော့ စိတ်ဓာတ်ကျခဲ့တာတော့ ရှိတယ်၊ အမေနဲ့သားစကားများတဲ့အခန်းတွေက ကျွန်တော် တော်တော် လုပ်ခဲ့ရတယ်၊ ဇာတ်လမ်းကို ကျွန်တော် ဖတ်လိုက်ရတဲ့ အခါတုန်းကတော့၊ ဆရာလမ်းညွှန်ပေးတာတွေရှိခဲ့တယ်၊ ကျွန်တော် ဒီကားမှာ ပညာတော့ရခဲ့တယ်" ဟု ထပ်မံပြောဆိုသည်။

 

ယင်းကားသည် မိသားစုကြား၊ အိမ်ထောင်ရှင်အမျိုးသမီးများ၏ ဘဝများကို အခြေခံရိုက်ကူးထားသော ဇာတ်လမ်းဖြစ်ပြီး မိဘနှင့်သားသမီးတွေကြားက ဖြစ်ပေါ်တတ်သည့် ပြဿနာလေးတွေကို ရည်ညွန်းပြသထားသော ဇာတ်ကားတစ်ကားဟု သိရသည်။

 


ကိုလင်း