ကြည့်ရှုသူ သန်း ၂၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ Butter

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ BTS ရဲ့ တေးသီချင်းသစ် Butter ဟာ လတ်တလောမှာ ကြည့်ရှုသူ သန်း ၂၀၀ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ တေးသီချင်း သစ်ရဲ့ တေးဗီဒီယိုကို ကြည့်ရှုသူ သန်း ၂၀၀ ကျော်လွန်ခဲ့တာကြောင့် BTS ဟာ တေးဂီတခရီးမှာ မှတ်တိုင်သစ်တစ်ခုကိုလည်း ထပ်မံစိုက်ထူနိုင်ခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

Butter ကို မေ ၂၁ ရက်က စတင်ထုတ်လွှင့်ခဲ့တာပါ။ အဆိုပါ တေးသီချင်းဟာ စတင်ထုတ်လွှင့်ပြီးနောက် ၄ ရက်နဲ့ တစ်နာရီအကြာမှာ ယင်းတေးဗီဒီယိုကို ယူကျုပေါ်ကနေ ကြည့်ရှုသူ သန်း ၂၀၀ ပြည့်မြောက် ခဲ့ပါတယ်။ ဒါကြောင့် အဆိုပါတေးဗီဒီယိုဟာ အချိန်အတိုဆုံးနဲ့ ကြည့်ရှုသူ သန်း ၂၀၀ ပြည့်မြောက်ခဲ့တဲ့ တေးဗီဒီယိုအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခင်ကလည်း အဆိုပါ စံချိန်ကို BTS ကပင် ၎င်းရဲ့ တေးသီချင်း  Dynamite နဲ့ ရယူထားခဲ့တာပါ။ ဒါပေမဲ့ Butter က စံချိန်ဟောင်းထက်  ၁၁ နာရီစောကာ စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အေးပြည့်