ကွန်ပျူတာ တစ်လုံးကိုဝယ်တော့မယ်ဆိုရင်

ဟိုတစ်လောက ဖိုးကျော်တစ်ယောက် Facebook ပေါ်မှာ စာတစ်ပုဒ်ဖတ်လိုက်ပါတယ်။ ဖိုးကျော်ကျင်လည်နေတဲ့ အိုင်တီပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရေးထားတဲ့စာတစ်ပုဒ်ဖြစ်တာကြောင့် ပိုပြီးဂရုပြု ဖတ်မိခဲ့ပါတယ်။ ရေးထားသူက နည်းပညာတက္ကသိုလ်တက်နေတဲ့ ကျောင်းသူမိန်းကလေးတစ်ယောက်ပါ။ သူရေးထားတဲ့အကြောင်းအရာကတော့ ဖိုးကျော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလိုကြားနေ မြင်နေရတဲ့ ပြဿနာမျိုးပါ။ အစပိုင်းတော့ မပြောတော့ပါဘူးလေဆိုပြီး ငြိမ်နေတာပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်း အဲလိုအဖြစ်အပျက်မျိုးက ကြာလာလေလေ ပိုများလာလေလေဖြစ်လာပြီး ဖိုးကျော်တို့လို အိုင်တီနည်းပညာသမားတွေကို မကောင်းဘူးလိုလို၊ လူညစ်တွေလိုလို ပြောလာတာတွေ ကို မြင်လာကြားလာရပြန်တယ်။ အဲလိုတွေအပြောခံလာရတာ ကြောင့် ဒီဆောင်းပါးကို ရေးမိတာပါ။

 

အပေါ်မှာပြောထားတဲ့ ဖတ်မိတဲ့အကြောင်းအရာကတော့ အဲဒီ နည်းပညာတက္ကသိုလ် ကျောင်းသူလေးက Laptop ကွန်ပျူတာတစ်လုံးကို နာမည်ကြီးဆိုင်ကြီးတစ်ဆိုင်ကိုသွားပြီး ဝယ်ယူပါတယ်။ သူရေးသားထားပုံအရ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် အတူသွားဝယ်ခဲ့ကြတာပါ။ ကျောင်းစာတွေလုပ်တဲ့အခါမှာ အသုံးပြုဖို့လိုအပ်လို့ သွားဝယ်တာပါ။ ထုံးစံအတိုင်း ဆိုင်က အရောင်းစာရေးတွေက ရွှန်းရွှန်းဝေအောင်ပြောပြီး ရောင်းကြတာပေါ့။ ဘယ်ဟာက ဘယ်လိုကောင်းတာ၊ ဘယ်လိုလက်ဆောင်တွေရတာ၊ အာမခံ ဘယ်နှနှစ်ပေးတာ ဘာညာစသည့်ဖြင့်ပေါ့ဗျာ။

 

အဲလိုနဲ့ ကျောင်းသူလေးဟာ Specification တော်တော်မြင့်တဲ့ Laptop တစ်လုံးကို ဝယ်လိုက်ပြီး လိုအပ်တဲ့ application တွေ တင်ဖို့အတွက် အဲဒီကျောင်းသူလေးကို ဆိုင်ကခဏစောင့်ခိုင်းတယ်၊ ညနေလောက်မှ လာယူပါလို့ ချိန်းလိုက်တယ်။ နည်းပညာတက္ကသိုလ်တက်နေတဲ့ ကျောင်းသူဆိုတော့ အင်ဂျင်နီယာနဲ့ သက်ဆိုင်တဲ့ Software တွေကို တစ်ခါတည်းအပြည့်အစုံတင်ပေးဖို့ အချိန်ယူတာပါလို့ ပြောလိုက်တယ်။ အဲဒါနဲ့ ကျောင်းသူလေးက ချိန်းထားတဲ့အချိန်မှာ သွားယူတော့ Software လေးတစ်ခုနှစ်ခု ကျန်နေသေးလို့ဆိုပြီး မပြီးသေးဘဲ နှစ်နာရီနီးပါးလောက် ထပ်စောင့်ခိုင်းတယ်လို့ သိရပါတယ်။ အဲလောက် အချိန်ကြာပြီးမှ သူ့ရဲ့ Laptop ကို ရတယ်။ သူကလည်း ဘာမှစစ်ဆေးမနေတော့ဘဲ ဒီအတိုင်းယူလာပြီး သူ့အဆောင်ပြန်ရောက်လို့ ကွန်ပျူတာကိုဖွင့်ကြည့်တော့ သူလိုချင်တဲ့ ဆော့ဖ်ဝဲတွေ တစ်ခုမှ ပါမလာဘူး။ ပါလာတာက Auto Cad တို့ Math Lab တို့လိုဟာမျိုးတွေ ဖြစ်နေတယ်။

 

အဲဒါနဲ့ သူက ချက်ချင်း ဆိုင်ကို တစ်ခေါက်ပြန်သွားတယ်။ ဆိုင်ရောက်တော့ သူသုံးချင်တဲ့ ဟာတွေ ပါမလာဘူးလို့ပြောပြီး ပြန်တင်ခိုင်းတယ်။ ဆိုင်ကလည်း အကုန်တင်ပေးထားတယ်လို့ ပြောတယ်။ သူလိုတာတွေကို ပြန်တင်ပေးရမယ်ဆိုရင် ဒီနေ့တော့မရဘူး၊ နောက်နေ့မှရမယ်လို့ ဆိုင်က ပြန်ပြောတယ်။ သူကလည်း နေ့တစ်ဝက်လောက်စောင့်ရပြီး ချိန်းတဲ့အချိန် ရောက်လာတော့လည်း နောက်ထပ်နှစ်နာရီလောက် ထပ်စောင့်ရသလိုအခု လိုချင်တာတွေပါမလာလို့ ပြန်လာတင်ခိုင်းတော့လည်း ထပ်ချိန်းတယ်ဆိုတော့ မစောင့်နိုင်ဘူးလို့ ပြောတယ်။ အဲဒီမှာပြဿနာက နည်းနည်း အစပျိုးနေပြီ။ တကယ့်ပြဿနာက အဲဒါမဟုတ်ဘူး၊ ဒါက အစပျိုးတာပဲ ရှိသေးတာ။ သူရေးထားတဲ့စာကို ဒီလောက်အထိဖတ်မိရင်ပဲ ဖိုးကျော်သိနေပါပြီ။ အဲဒီဆိုင်ရဲ့ စီမံခန့်ခွဲမှုက တော်တော်ညံ့နေတယ်ဆိုတာကိုပေါ့။ နေ့တစ်ဝက်လောက်ခွာပြီး ချိန်းတယ်။ လာယူတဲ့အချိန်မှာ အသင့်မဖြစ်သေးလို့ နှစ်နာရီလောက် ထပ်စောင့်ရတယ်။ ဘာလို့ စောင့်ရလဲဆိုတော့ ကောင်မလေးလာယူတဲ့ အချိန်ကျမှ ဆော့ဖ်ဝဲတွေကို စပြီးတင်ပေးတာ။ အဲဒီအရင်က တင်ကိုမတင်ရသေးဘူး။ ဒါကြောင့် အချိန် နှစ်နာရီလောက် ယူလိုက်ရတာပါ။ တစ်ခုနှစ်ခုကျန်တာကို တင်ဖို့အတွက်တော့ အချိန်နှစ်နာရီ မကြာပါဘူး။ နောက်ပြီး တင်ပေးလိုက်တာတွေကလည်း ကျောင်းသူလေးမလိုတဲ့ ဆော့ဖ်ဝဲတွေ။ အဲလိုနဲ့ ပြဿနာတွေတက်ကြတော့ ဆိုင်ဆားဗစ်သမားတစ်ယောက် ကောင်မလေးနဲ့ ထွက်တွေ့တယ်။ သူတို့က အင်ဂျင်နီယာသုံးဆော့ဖ်ဝဲတွေ အကုန်တင်ပေးထားပြီးပြီပေါ့။ ဘာလိုနေလို့ လဲလို့ မေးတယ်။ ကျောင်းသူလေးက သူလိုချင်တာ visual studio တို့ SQL Server တို့ဖြစ်ကြောင်းပြောတော့ အဲ့ဒါကအင်ဂျင်နီယာနဲ့ဆိုင်တာမဟုတ်ဘဲ ကွန်ပျူတာကျောင်းသားတွေပဲ သုံးကြတဲ့ဟာတွေလို့ ပြန်ပြောတယ်။ ကျောင်းသူလေးကသူဟာ အိုင်တီအထူးပြုကျောင်းသူဖြစ်လို့ အဲ့ဒါတွေသုံးဖို့လိုအပ်လို့ ပြန်တင်ပေးဖို့ ပြန်ပြောတယ်။ ဒါပေမယ့် သူ့ကွန်ပျူတာကို ထားခဲ့ရတာပါပဲ။ ချက်ချင်းမရပါဘူး။ နောက်တစ်နေ့မှာသွားယူရတာပါပဲ။

 

ဒီလိုဖြစ်ရတာ ဆိုင်ကလူတွေရဲ့အပြစ်ချည်း မဟုတ်ပါဘူး။ ကျောင်းသူလေးရဲ့အပြစ်လည်း ပါပါတယ်။ သူသာသူလိုချင်တာဒီဆော့ဖ်ဝဲတွေပါလို့ အစကတည်းကပြောပြီး ထည့်သွင်းခိုင်းရင် အခုလိုကိစ္စမျိုး ကြုံမှာမဟုတ်ပါဘူး။ ဒီနေရာမှာ ဖိုးကျော်တစ်ခုတော့ ပြောချင်ပါတယ်။ ဖိုးကျော်တို့ လေ့လာသင်ကြားခဲ့ရတဲ့ IT(Information Technology) ဆိုတာကလည်း အင်ဂျင်နီယာ နည်းပညာတစ်ရပ်ပါ။ ကျွန်တော်တို့လည်း အင်ဂျင်နီယာတွေပါပဲ။ လမ်းဖောက်မှ တံတားဆောက်မှ စက်ပစ္စည်းတွေကို ပြုပြင်တီထွင်မှ အင်ဂျင်နီယာလို့ သတ်မှတ်ကြတာလားဗျာ။ ကျောင်းသူလေးအကြောင်း ဆက်ပြောရအောင်။ ဒီလိုနဲ့ ကျောင်းသူလေးက နောက်နေ့နံနက်မှာ သူ့ကွန်ပျူတာကို လာယူတယ်။ သူလိုချင်တဲ့ဆော့ဖ်ဝဲတွေလည်း အပြည့်အစုံပါတယ်။ အဲလိုနဲ့ ကွန်ပျူတာကို သူစသုံးပါတယ်။ လူငယ်တော်တော်များများရဲ့ ထုံးစံအတိုင်း ကွန်ပျူတာဆိုတာက အင်တာနက်သုံးဖို့၊ ဇာတ်ကားကြည့်ဖို့နဲ့ သီချင်းနားထောင်ဖို့က ပထမပါ။ ကျန်တာက နောက်မှလာတာပါ။ Laptop အသစ်နဲ့ ဇာတ်ကားကြည့်ပါတယ်။ အဆင်မပြေပါဘူး။ ဇာတ်ကား DVD ထည့်ပြီး Power dvd နဲ့ ဖွင့်တယ်၊ အဆင်မပြေဘူး။ နောက်ထပ် Player တစ်ခုနဲ့ ဖွင့်ကြည့်တယ်၊ အဆင်မပြေသေးပါဘူး။ နောက်တစ်မျိုးစမ်းကြည့်တယ်၊ ပိုဆိုးသွားပါတယ်၊ မော်နီတာပေါ်မှာပါ အရိပ်တွေ ထင်လာတယ်။ ပုံတွေ Folder တွေက နှစ်ထပ်ဖြစ်လာတယ်။ ရုပ်ပုံတွေကို ကောင်းကောင်းမမြင်ရဘဲ အရိပ်တွေ ထင်လာတယ်။ ပြဿနာက စပါပြီ။

 

ကျောင်းသူလေးက ဆိုင်ကိုပြန်သွားပါတယ်။ ယူသွားတာမှ တစ်ရက်ပဲရှိသေးတယ်။ အခု ပြဿနာတွေတက်နေတယ်၊ ပြုပြင်ပေးပါဆိုပြီး ဆိုင်ကိုသွားပေးတယ်။ ဆိုင်က လက်ခံလိုက်ပြီး နောက်ထပ်နှစ်ရက် ချိန်းလိုက်တယ်။ ကျောင်းသူလေးကလည်း ချိန်းတဲ့ရက်မှာ သွားယူတယ်။ ကွန်ပျူတာကို ဖွင့်စစ်ကြည့်တော့ အဆင်ပြေတယ်။ အဲဒါနဲ့ သူပြန်ယူသွားတယ်။ သူ့အဆောင်ရောက်လို့ ဖွင့်သုံးတော့ ပထမရက်၊ ဒုတိယရက် ဘာမှမဖြစ်သေးဘူး။ တတိယရက်ကျတော့ အရင်လိုတွေ ပြန်ဖြစ်လာတယ်။ အဲဒီတော့ ဆိုင်ကိုထပ်သွားပြပြီး warranty ပြန်ပေးဖို့ ပြောတယ်။ ဆိုင်ကလည်း လက်ခံထားလိုက်တယ်။ warranty  ပြန်ဖို့နှစ်ပတ်လောက် ချိန်းလိုက်တယ်။ ကောင်မလေးကလည်း ဘာမှမပြောဘဲ ထားခဲ့ပြီး ပြန်လာတယ်။ အခုအကြောင်းအရာကို Facebook မှာတင်ပြီး ကွန်ပျူတာဆိုင်တွေက ဘယ်လို၊ ဆိုင်တွေရဲ့ ဆားဗစ်သမားတွေက ဘယ်လိုဆိုပြီး သူရေးတဲ့စာကို အဆုံးသတ်သွားတယ်။

 

အဆုံးသပ်ကတော့ နည်းပညာသမားတွေ မကောင်းလို့ပေါ့ဆိုတာမျိုး ပြောသွားတာပါပဲ။ အခု ကျောင်းသူလေးကြုံရတဲ့ပြဿနာက တော်တော်များများ ကြုံလေ့ရှိတဲ့ပြဿနာပါ။ အခုကိစ္စမှာ ဆိုင်ကလည်းမှားသလို ဝယ်ယူသူကောင်မလေးလည်းမှားပါတယ်။ သေချာစဉ်းစားကြည့်ပါ။ အဲလိုပဲ အိုင်တီ နည်းပညာဆိုင်ရာပစ္စည်းတွေ ဝယ်မယ်ဆိုရင်လည်း ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဝယ်ခိုင်းဖို့ လိုတယ်လို့များ မထင်မိကြဘူးလားဗျာ။

 

ဒီနေ့ခေတ်ကြီးက အိုင်တီခေတ်ကြီးဖြစ်နေတော့ အိုင်တီစကားလုံးတွေ အသုံးအနှုန်းတွေက အလွန်တွင်ကျယ်နေပြီး အထိအတွေ့အပြောအဆိုကလည်း အလွန်များနေတာ့ အားလုံးနဲ့ မစိမ်းသလိုဖြစ်နေတယ်။ အဲ့တော့ ဘယ်သူ့မှခေါ်စရာမလို့ဘူး အလကားအလုပ်ရှုပ်တယ်၊ ဒီလောက်တော့ ငါလည်း တတ်ပါတယ်၊ ဖြစ်ပါတယ်ဆိုပြီး ကိုယ်တိုင်သွားဝယ်ကြတာများတယ်။ ပြောခဲ့တဲ့ကိစ္စမှာ ကျောင်းသူလေးအနေနဲ့ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တစ်ယောက်ယောက်ကို ခေါ်သွား စစ်ဆေးခိုင်းပြီး ဝယ်ယူခဲ့မယ်ဆိုရင် အခုလိုပြဿနာမျိုး ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ပညာရှင်နဲ့တိုင်ပင်ပြီး ဝယ်ယူခဲ့ရင် ခုလိုပြဿနာမျိုး ကြုံတွေ့ခဲ့မယ်ဆိုရင်တောင် ဆိုင်က ဆားဗစ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အကျိုးအကြောင်းပြောပြပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ဖိုးကျော် လိုက်ဝယ်ပေးခဲ့တဲ့ ကွန်ပျူတာအလုံးပေါင်းရာချီနေပါပြီ။ အခုလို ပြဿနာမျိုး ဖြစ်တာ မရှိသေးပါဘူး။ ပညာရှင်လို့ဆိုရာမှာ အိုင်တီပိုင်းဆိုင်ရာစကားလုံးတွေကိုရင်းနှီးပြီး အတော်အသင့် နားလည်ရုံနဲ့တော့ ပညာရှင်မဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာနယ်ပယ်မှာ သက်ဆိုင်ရာပညာရှင်တွေက ရှိနေမှာပါ။ စာဖတ်သူကိုယ်တိုင်က နယ်ပယ်တစ်ခုက ပညာရှင်တစ်ယောက်ဆိုရင် ဖိုးကျော်ပြောတာကို နားလည်သဘောပေါက်မယ် ထင်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ ကွန်ပျူတာ မကျွမ်းကျင်ဘဲနဲ့ ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ယောက်ကို အကူအညီတောင်း ခေါ်သွားပြီးမှ သွားရောက်ဝယ်ယူကြဖို့ အကြံပြုလိုပါကြောင်း။

ဖိုးကျော် (နည်းပညာမြေ)