ကျွန်တော်နဲ့ ဖောင်ကြီး

၁၅   ဇန်နဝါရီ

 

အခုတလော ဇီးပင်ကြီးအကြောင်း နေရာတိုင်းလိုလိုမှာ ရေးသားမှုတွေ၊ ဆွေးနွေးမှုတွေ၊ ဝေဖန်မှုတွေ ကြားရဖတ်ရ နေတယ်။ ကျွန်တော်က ဇီးပင်ကြီးနဲ့ မပတ်သက်ခဲ့ဘူး။ ကျွန်တော်ရင်းနှီးခဲ့တာက ဖောင်ကြီး။ ဒါကြောင့် ဖောင်ကြီး အကြောင်းစဉ်းစားရင်း ဇီးပင်ကြီးကိစ္စကို သုံးသပ်မိတယ်။ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်အကြောင်းက ကျွန်တော် ဘွဲ့မရခင်နှစ်က သိခဲ့ရတယ်။ ဒီတုန်းက ကျွန်တော့်အစ်ကို ဝမ်းကွဲကဘွဲ့ရပြီး အသစ်ဖွင့်လှစ်တဲ့ ဖောင်ကြီးကို တက်ခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က။ သူက ဖောင်ကြီး အတွေ့အကြုံတွေကို မကြာခဏ ဖောက်သည်ချခဲ့တယ်။ ကျွန်တော်ဘွဲ့ရတဲ့နှစ်မှာ သူငယ်ချင်းတွေအားလုံးလိုလို ဖောင်ကြီးကို တက်ခဲ့ရတယ်။ ပြန်တမ်းဝင် အရာရှိတွေဖြစ်ဖို့ တက်ကြတာ။ သူတို့အများစုက ကုန်သွယ်ရေးဝန်ကြီးဌာနမှာ အမှုထမ်းကြဖို့။ ကျွန်တော်က တက္ကသိုလ်မှာ နည်းပြဆရာ ဝင်လုပ်တော့ ဖောင်ကြီးမတက်ရဘူး။ ရတဲ့လခကလည်း တစ်လ ကျပ် ၁၀ဝ။ ရှားပါးစရိတ်နဲ့ ပေါင်းရင် ကျပ် ၃၀ဝ မပြည့် ဘူး။ ဒါကြောင့် ပထမအကြိမ်ဖောင်ကြီးနဲ့ လွတ်ခဲ့တာ။

 

အထူးမွမ်းမံသင်တန်းစတင်ဖွင့်

 

ဒုတိယအကြိမ်က ၁၉၉၀ ပြည့်နှစ်။ ကျွန်တော်က စီးပွားရေးတက္ကသိုလ်မှာ ကထိကရာထူးနဲ့ တာဝန်ထမ်းရင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဌာနအသစ်ဖြစ်တဲ့ စီမံကိန်းနဲ့ စာရင်းအင်း ဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်နဲ့ ပြောင်းခဲ့တယ်။ အခုလို ညွှန်ချုပ်အနေနဲ့ တာဝန်ယူချိန် နဝတအစိုးရဟာ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ တာဝန်ယူတဲ့ ဆရာ၊ ဆရာမတွေ အတွက် အထူးမွမ်းမံသင်တန်းတွေ စတင်ဖွင့်လှစ်ခဲ့တယ်။ နိုင်ငံရေးဦးတည်ချက်ကို ရှေ့တန်းတင်ပြီး ဖွင့်တဲ့သင်တန်း။ အမှန်တော့ ဗီယက်နမ်စစ်ပွဲအပြီး မြောက်ဗီယက်နမ်နိုင်ငံဟာ စစ်ရှုံးခဲ့တဲ့ တောင်ဗီယက်နမ်က အရာရှိကြီးတွေကို မွမ်းမံ သင်တန်းတွေပေးခဲ့တဲ့ပုံစံမျိုး။ အနှစ်သာရကတော့ ဦးနှောက်ဆေးကြောခြင်း ဖြစ်တယ်။

 

စနစ်တစ်ခုမှာ တာဝန်ယူတဲ့သူတွေကို စနစ်အသစ်နဲ့ အံဝင်အောင်လုပ်တာ။ ဒီပုံစံအတိုင်း ဖောင်ကြီးမှာ အထူးမွမ်းမံ သင်တန်းတွေ ဖွင့်ခဲ့တာ။ နိုင်ငံအကြီးအကဲတွေက ကျွန်တော့်ကိုသင်တန်းမှာ ပါဝင်သင်ကြားဖို့ တာဝန်ပေးခဲ့တယ်။ သင်တန်းသားတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေလည်း ပါဝင်တာ။ ရုတ်တရက်တော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်မိတယ်။ ဒါပေမယ့် ကျွန်တော်သင်ပေးရတဲ့ အကြောင်းအရာက စီမံခန့်ခွဲမှုပညာဆိုတော့ ဦးနှောက်ဆေးကြောမှုနဲ့ မပတ်သက်ခဲ့ဘူး။ ဘဝတူ တက္ကသိုလ်ကဆရာ၊ ဆရာမတွေကို ကိုယ်လေ့လာအထူးပြုခဲ့တဲ့ စီမံခန့်ခွဲမှုဘာသာရပ်ကို ကျွန်တော်အားထည့်ပြီး သင်ခဲ့တယ်။ တစ်ဖက်မှာလည်း ခေတ်မီသင်ထောက်ကူပစ္စည်းတွေကို လက်တွေ့အသုံးချ ခဲ့တယ်။ ကျွန်တော့်ရဲ့ ပို့ချချက်တွေကို အခွေတွေကူးပြီး ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တွေကို နားထောင်စေတယ်လို့ ကြားသိရတယ်။ ဒီတုန်းက ဥက္ကဋ္ဌက ဦးမောင်မောင်ကြီး။ ကျွန်တော့် ရဲ့ဖခင်နဲ့ ရင်းနှီးသူ။ အဖွဲ့ဝင်တစ်ဦးက ဦးရွှေသန်း။ သူက ရဲချုပ်တာဝန်ယူခဲ့ပြီး ကျွန်တော့်ဦးလေး ဗိုလ်မှူးကြီး မျိုးအောင်နဲ့ ကျောင်းနေဖက်။ ဖောင်ကြီးမှာ ထမင်းစားရင်း တွေ့စဉ် ဆရာ့အခွေတွေ ကျွန်တော်နားထောင်ရတယ်လို့ ပြောတယ်။

 

ကျွန်တော်သင်တန်းနားချိန်မှာ သူငယ်ချင်းတွေရဲ့ အဆောင်တွေကို သွားကြည့်ပြီး စကားပြောဖြစ်တယ်။ သူတို့ခမျာ အလွန် ပင်ပန်းနေကြတာ။ ယူနီဖောင်းအပြာရောင်တွေ၊ စစ်ဖိနပ်တွေနဲ့ ကျွန်တော့်ကိုတော့ အပြစ်မတင်ကြဘူး။ သင်ကြားမှုတွေကို ကြိုဆိုတယ်လို့ ပြောကြတယ်။ အခုလို တက္ကသိုလ်က ဆရာ ဆရာမတွေအတွက် မွမ်းမံသင်တန်း လုပ်ရင်း ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်တွေအတွက် ဖောင်ကြီးမှာ ပဲသင်တန်းတွေ ပေးခဲ့ရပြန်တယ်။ အပတ်စဉ် (၁)၊ (၂)၊ (၃) အထိ။ နောက်ပိုင်းမှာတော့ ကျွန်တော်နိုင်ငံခြားထွက်သွားလို့ ဖောင်ကြီးနဲ့ အဆက်ပြတ်ခဲ့တယ်။ ဒီတုန်းက သင်တန်းသားတွေနဲ့ ပြန်ဆုံခဲ့တယ်။ တချို့က အငြိမ်းစားယူခဲ့ကြပြီ။ တချို့တွေကတော့ ပါချုပ်တွေ၊ ညွှန်ချုပ်တွေဖြစ်နေကြပြီ။

 

ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်ဟာ တည်ရှိနေတဲ့ နိုင်ငံရေးစနစ်ကို ထင်ဟပ်ခြင်းဖြစ်တယ်။ မဆလခေတ်တုန်းက ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေတဲ့ ပြည်သူ့ ဝန်ထမ်းတွေ မွေးထုတ်ဖို့ ကြိုးစားခဲ့တယ်။ တစ်ဖက်က စည်းကမ်းကို ရှေ့တန်းတင်ပြီး အမိန့်နာခံမှုကို ဦးစားပေးခဲ့တယ်။ ဒါကြောင့်လည်း စစ်သင်တန်းတွေကို ပေးခဲ့တာ။ တူညီဝတ်စုံတွေဝတ်၊ ဘယ်ညာမောင်းခဲ့တယ်။ အညမညအတွေးအခေါ်အရ ရိုက်သွင်းခဲ့တာ။ နဝတခေတ်မှာတော့ စောစောကပြောသလို ဦးနှောက်ဆေးကြောရေးဟာ ကနဦးမှာ ဦးစားပေးခဲ့ခြင်း ဖြစ်တယ်။ နောက်ပိုင်းမှာ တူညီဝတ်စုံ ဝတ်စားမှု စစ်သင်တန်းတွေ လျှော့ပေါ့ခဲ့တယ်လို့ သိရတယ်။

 

အရည်အသွေးမြှင့်တင်တဲ့ဌာန

 

၂၀၁၅ ခုနှစ် နောက်ပိုင်း ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန် မှာ ဖောင်ကြီးနဲ့ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့အနေအထား ကို စနစ်တကျသုံးသပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အမှန်တော့ ဗဟိုဝန်ထမ်းတက္ကသိုလ်ဟာ ရှိသင့်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်တဲ့ ဌာနတွေဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းလို့ပြောရင် ကျွန်တော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက်က ပုံစံအမျိုးမျိုးနဲ့ ရပ်တည်ခဲ့တယ်။ ကိုလိုနီခေတ်မှာတော့ နာမည်ကြီးလှတဲ့ အိုင်စီအက်စ်တွေ မွေးထုတ်ခဲ့တယ်။ ဘိလပ်ပြန်တွေဟာ တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးချိန်မှာ အိုင်စီအက်စ်အစား ဘီစီအက်စ်တွေနဲ့ အစားထိုးခဲ့တယ်။ ဗျူရိုကရက်တွေအဖြစ် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရတယ်။ ၁၉၆၂ နောက်ပိုင်းမှာ ဒီစနစ်ကို ပယ်ဖျက်ခဲ့တယ်။ တစ်ချိန်တုန်းက အမြဲတမ်းအတွင်းဝန်အစား òန်ကြားရေးမှူးချုပ်တွေနဲ့ အစားထိုးခဲ့တယ်။ ဦးသိန်းစိန် လက်ထက်မှာတော့ ဝန်ကြီးဌာနတွေမှာ အမြဲတမ်းအတွင်းဝန်တွေ ပြန်လည်ခန့်ထားခဲ့တယ်။ အစိုးရဝန်ကြီးဌာနတွေမှာ တပ်မတော်အရာရှိကြီးတွေကို တာဝန်ပေးခဲ့တာ နှစ်ပေါင်းကြာမြင့်ခဲ့တယ်။

 

နမူနာယူစရာဖြစ်

 

အမှန်တော့ ပြည်သူ့ဝန်ထမ်းစနစ်ကို ဘယ်ပုံစံနဲ့ဖော်ထုတ် ရမလဲဆိုတာက အခြေခံမေးခွန်းဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူ့ဝန်ထမ်းတွေဟာ နိုင်ငံရေးကင်းရှင်းရမယ်။ အာဏာရှိတဲ့အစိုးရကို တာဝန်ခံရမယ်။ ရွေးကောက်ပွဲကြောင့် ရွေးချယ်ခြင်း ခံရတဲ့သူတွေကို သစ္စာရှိရမယ်။ မိမိကျွမ်းကျင်လိမ္မာမှုကို အခြေခံပြီး လိုအပ်တဲ့ အကြံတွေပြုရတယ်။ နောက်ဆုံးအဆုံး အဖြတ်က နိုင်ငံရေးအရ တာဝန်ရှိသူတွေက ဆုံးဖြတ်ရမှာသာ ဖြစ်တယ်။ သဘောမတူတဲ့အခါ နုတ်ထွက်ရဲတဲ့ သတ္တိရှိရမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာခင်က အမေရိကန်ပြည်ထောင်စုမှာဖြစ်တဲ့ ဖြစ်ရပ်ဟာ နမူနာယူစရာ ဖြစ်တယ်။ သမ္မတလုပ်သူက အမေရိကန်တပ်တွေကို ဆီးရီးယားနိုင်ငံက ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်က မှားယွင်းကြောင်း ကာကွယ်ရေး ဝန်ကြီးလုပ်သူက တင်ပြပြီးပြန်လည်စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် သမ္မတလုပ်သူက သူ့ရဲ့အဆုံးအဖြတ်ကို မပြင်တဲ့အတွက် နောက်ဆုံးကာကွယ်ရေးဝန်ကြီး ရာထူးကနုတ်ထွက် သွားတယ်။

 

ပြည်သူ့ဝန်ထမ်းနဲ့ပတ်သက်ပြီး ကျွန်တော်နှစ်စဉ်ကြုံတွေ့ရတဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ စင်ကာပူနိုင်ငံမှာ တာဝန်ယူထားတဲ့ ပြည်သူ့ဝန်ထမ်းတွေကို တစ်နှစ်တစ်ကြိမ် အာဆီယံနိုင်ငံတွေကို လေ့လာရေးခရီးထွက်စေတယ်။ မြန်မာပြည်ကိုလည်း လာကြတယ်။ ရောက်တဲ့အခါကျွန်တော့်ကို သံအမတ်ကြီးက ဖိတ်ကြားလို့ ဟောပြောဆွေးနွေး ခဲ့တယ်။ ထူးခြားချက်က သူတို့ရဲ့ အသက်အားလုံးက ၄၀ အောက်။ ဒါပေမယ့် ရာထူးတွေက ဒုတိယအတွင်းဝန်တွေ။ အသက်ငယ်ငယ်နဲ့ ရာထူးတွေရထားတာ၊ လုပ်ရည်ကိုင်ရည်ကို အခြေခံထားတာ။ တော်တဲ့သူကို တော်သလောက် နေရာပေးပြီး တာဝန်ပေးတာ။ Meritocracy ဖြစ်တယ်။ ထူးချွန်တဲ့သူတွေက အသက်ငယ်ငယ်ကစပြီး ပြုစုပျိုးထောင်ခဲ့တယ်။ ကျွန်တော် ညွှန်ချုပ် ဖြစ်တဲ့အချိန်မှာ အသက် ၄၀ ကျော်။ အခုချိန်မှာ ညွှန်ချုပ် တွေအများစုက အသက် ၅၀ ကျော်နေကြပြီး ငယ်ရွယ်တဲ့သူတွေ ခန့်နိုင်ဖို့ သတ္တိရှိရမယ်။ အရေးကြီးဆုံးက အရည်အချင်းကို ဘယ်ပုံစံနဲ့ သတ်မှတ်မလဲဆိုတဲ့ကိစ္စ။ 

 

ကျွန်တော်ဟာ ဘွဲ့လွန်သင်တန်းတွေမှာ ယနေ့အချိန်အထိ ပို့ချလျက်ရှိတယ်။ အခုလို ဆောင်ရွက်တဲ့အခါ မိမိလေ့လာမှု၊ ဆည်းပူးမှုကိုအခြေခံပြီး တင်ပြတယ်။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူး။ ကိုယ်ဟာပညာရှင်။ ပညာရှင်ပီသအောင် အမြဲကြိုး စားတယ်။ နိုင်ငံရေးအရောင်မဆိုးအောင် သတိထားတယ်။ ဗဟို ဝန်ထမ်းတက္ကသိုလ်မှာပို့ချတဲ့ ဆရာ ဆရာမတွေမှာ တာဝန်ရှိတယ်။ ဘာသာရပ်ကို အာရုံပြုရမယ်။ သင်တန်းသားတွေကို အဖြေမပေးဘဲ စဉ်းစားတတ်အောင် ကြိုးစားရမယ်။ အဖြေကို ကိုယ်တိုင်ရှာဖွေနိုင်အောင် အားပေးရမယ်။ အရာရာမှာ အမြင်တွေတူကြမှာ မဟုတ်ဘူး။ ဆရာတစ်ယောက်ရဲ့ တာဝန်က ရှုထောင့်အမျိုးမျိုးက သုံးသပ်နိုင်အောင် အားပေးရမယ်။ အမှန်တော့ ဆရာရဲ့တာဝန်က စဉ်းစားနိုင်စွမ်းရှိအောင် အားပေးရမှာ ဖြစ်တယ်။ တစ်ဖက်ကလည်း သင်ရိုးညွှန်းတမ်းတွေကို သုံးသပ်ရမှာ ဖြစ်မယ်။ ကိုယ်သင်ချင်တာကို သင်လို့ မဖြစ်ဘဲ ဘာသာရပ်နဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့သင်ရိုးညွှန်း တမ်းဘောင်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်တယ်။ လွတ်လပ် ခွင့်ရှိတယ်လို့ ပြောပေမယ့် တစ်ဖက်ကလည်း တာဝန်ခံမှုရှိဖို့ လိုအပ်တယ်။

 

နိုင်ငံတကာအဆင့်မီဖြစ်စေချင်

 

ကျွန်တော်ကတော့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေကို နိုင်ငံတကာ အဆင့်မီအောင် ဖြစ်စေချင်တယ်။ အာဆီယံ နိုင်ငံတွေမှာ၊ အနောက်နိုင်ငံတွေမှာ ပြည်သူ့ဝန်ထမ်းတက္ကသိုလ် အမြောက်အမြားရှိတယ်။ သူတို့ဆီက နမူနာယူနိုင်တယ်။ ကျွန်တော်ဟာ ကုလသမဂ္ဂဝန်ထမ်းတက္ကသိုလ်မှာ ရှစ်နှစ်တာဝန်ယူခဲ့တယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ တာဝန်ယူ နေကြတဲ့ အရာရှိကြီးတွေကို သင်တန်းပေးခဲ့တာ။ ခေါင်းဆောင်မှုပညာ၊ အုပ်ချုပ်မှုပညာ၊ စီမံခန့်ခွဲမှုပညာတွေကို တာဝန်ယူပြီး ပို့ချခဲ့တယ်။ သင်တန်းတွေဟာ နိုင်ငံအသီးသီး၊ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးက တာဝန်ယူ နေကြသူတွေ၊ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာကိုသာ အာရုံပြုပြီး စီစဉ်ခဲ့တာ။ နိုင်ငံရေးလုံးဝ မပတ်သက်ခဲ့ဘူး။ အခုလိုပြောလို့ နိုင်ငံရေးအယူအဆ လုံးဝမရှိရဘူးလို့ဆိုတာ မဟုတ်ဘူး။ အယူအဆဟာ ကိုယ်ရေးကိုယ်တာကိစ္စ၊ ရွေးချယ်မှုဖြစ်တယ်။ မိမိရဲ့ခံယူချက်ကို အလုပ်နဲ့မရောဖို့ ၊ မပတ်သက်ဖို့ သတိထားရမှာ ဖြစ်တယ်။ ဝန်ထမ်းတက္ကသိုလ်နဲ့ ပတ်သက်ပြီး ဦးဆောင်မှု၊ ခေါင်းဆောင်မှုက ပဓာနဖြစ်တယ်။ ကျွန်တော်ကတော့ တာဝန်အရှိဆုံးဟာ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ယုံကြည်တယ်။ ဦးဆောင်မှု၊ ခေါင်းဆောင်မှုဟာ အရာရာကိုလွှမ်းမိုးတာ။ ဇီးပင်ကြီးမှာဖြစ်တာက စနစ်ပြဿနာဖြစ်တယ်။ ဝန်ထမ်းတက္ကသိုလ် အတွက်သာမက ပြည်သူ့ဝန်ထမ်းများ အရည်အသွေးမြင့်မားမှုနဲ့ ပတ်သက် တယ်။ စနစ်တစ်ခုလုံးကို လွှမ်းခြုံကြည့်ပြီး အဖြေရှာဖို့ လိုအပ်ကြောင်း သုံးသပ်မိပါတယ်။

 

ဇီးပင်ကြီးအကြောင်းသုံးသပ်ရင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတင်ပြသူကို (Whistle blowing)) ခရာမှုတ်ခြင်း ဖြစ်တယ်လို့ မြင်နိုင်တယ်။ ဘောလုံးပွဲမှာ ပြစ်ဒဏ်ကျူး လွန်တယ်လို့မြင်ရင် ဒိုင်လူကြီးလုပ်သူက ခရာမှုတ်တယ်။ အခုလိုပဲ အဖွဲ့အစည်းတွေမှာ အမြင်မတော်တာကိုတွေ့ရင်၊ မြင်ရင် မနေသာတဲ့သူက ခရာမှုတ်ရမယ်။ မှုတ်တဲ့သူကိုလည်း အကာ အကွယ်ပေးရမှာ။ အပြစ်ယူရင် မှုတ်မှာမဟုတ်တော့တာမို့ အားလုံးကောင်းနေတယ်လို့ ယူဆနိုင်တယ်။ ခရာမှုတ်တဲ့ ယဉ်ကျေးမှုကို အားပေးဖို့ လိုအပ်တယ်။ မှုတ်တဲ့နေရာမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားရှိဖို့ လိုတယ်။ ဆန္ဒ သဘောထားကို ဦးစားပေးခြင်းမဟုတ်ဘဲ ခိုင်လုံတဲ့၊ ပြည့်စုံတဲ့ အချက်အလက် အထောက်အထားတွေကို အခြေခံရမှာ ဖြစ်တယ်။

 

အဆိုးထဲကအကောင်းလို့ စဉ်းစားရင်ဖြစ်နေတဲ့ အခြေအနေအမှန်ကို အခုလိုဖော်ထုတ်နိုင်တာဟာ အမြတ်လို့ ယူဆနိုင်ပါတယ်။ သင်ခန်းစာယူပြီး ကောင်းမွန်တဲ့ပြည်သူ့ဝန်ထမ်း အရည်အသွေး မြှင့်တင်နိုင်စေမယ့် ဝန်ထမ်းတက္ကသိုလ်တွေ ပေါ်ပေါက်ပါစေလို့ ဆန္ဒပြုရမှာသာဖြစ်တယ်။ ။

 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်