ကျွန်တော်နှင့် တယ်လီဗီးရှင်း

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်ဆောင်းပါး

 

ချင်းကြီး

ကမ္ဘာကျော်ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီယောင်ကို အင်တာဗျူးတစ်ခုမှာ မေးကြတယ်။ ခင်ဗျားကြောက်တဲ့အရာရော ရှိသလားလို့။ သူက ဖြေတယ်။ ကျွန်တော် ပထမဆုံးကြောက်ဖူးတာက မော်တော်ကားတွေ့လို့ ကြောက်ပြီးထွက်ပြေးရတဲ့ အချိန်ပဲတဲ့။ ပက်ကွီယောင်ရဲ့ အဖြေကို ဖတ်မိပြီးတော့ ကျွန်တော် ပထမဆုံးကြောက်တဲ့ အရာနဲ့သွားတူနေတော့ ပြုံးမိပါတယ်။ တောင်ပေါ်လမ်းအကွေ့မှာ မော်တော်ကား တစ်စီးကွေ့ဝင်လာတာက ကိုယ့်ကို တိုက်တော့မယ့်အတိုင်းပဲ မြင်နေတော့ လမ်းအောက်ဘက်က ချောက်ထဲကို ခုန်ဆင်းပြေးတာ ဦးလေးတွေ အတင်းကိုပြန်လိုက်ဖမ်းတာ ခံခဲ့ရဖူးတယ်။

ပက်ကွီယောင်မှာ ဒုတိယကြောက်တဲ့အရာကိုတော့ ရေးမထားကြပေမယ့် ကျွန်တော် ဒုတိယကြောက် တဲ့အရာက တယ်လီဗီးရှင်းပါပဲ။ ကျွန်တော်ငါးနှစ်သားအရွယ်မှာ အဒေါ်တွေက တီဗွီကြည့်ဖို့ ခေါ်သွားကြတာ။ တီဗွီထဲမှာ ပစ်ကြခတ်ကြတော့ ကျွန်တော်တို့ကို ထိတော့မယ်အထင်နဲ့ အဒေါ်တွေရဲ့ နောက်ကျောကိုပြေးပုန်းပြီး သူတို့ထွက်မလာနိုင်မြန်မြန်အိမ်ပြန်ရအောင်လို့ ငိုယိုပြီး ဂျီကျခဲ့ဖူးတယ်။ ဒါဟာ မှတ်မှတ်ရရ တီဗွီဖန်သားပြင်ကိုကြောက်ခဲ့ရတာပါပဲ။ ဒီလိုနဲ့ပဲဖန်သားပြင်ထဲက လူတွေဟာ အပြင်ကိုထွက်မလာပါလားဆိုတဲ့ အသိရခဲ့ပြီးတဲ့နောက် တီဗွီကြည့်ဖို့ကို အလွန်ကြိုက်သွားခဲ့တာ။ အမေက ရိုက်ယူရတဲ့အထိ နောက်ပိုင်း ဇာတ်ကားတွေကို သွားသွားကြည့်တော့တာ။

လွမ်းမောဖွယ် တယ်လီဗီးရှင်းနဲ့ ငယ်ဘဝ

ကျွန်တော်တို့ရဲ့ မင်းတပ်မြို့လေးမှာ ဗီဒီယိုပြတဲ့ရုံက သုံးရုံလောက်ရှိတယ်။ ကလေးနှစ်ကျပ်၊ လူကြီး ငါးကျပ်ကနေ စကြည့်ရတာပေါ့။ လူတိုင်းရဲ့ အိမ်မှာက အဲဒါမျိုးမရှိသေးဘူး။ အဲဒီအချိန်ဆို ဗီဒီယိုတွေကြည့်ဖို့ ပိုက်ဆံမရှိတော့ ဗီဒီယိုရုံရဲ့ ထရံပေါက်တွေကနေချောင်း ကြည့်ရတာအမော။ အဲဒီနေရာကို နောက်ကျပြီးနောက် သွားရင်လည်း ချောင်းကြည့်လို့ မရတော့ဘူး၊ ကိုယ့်ရှေ့ ရောက်နေတဲ့သူက ဦးသွားပြီး တစ်ခါတလေ အဲဒီလို ချောင်းကြည့်တာကိုသိတဲ့ ဗီဒီယိုရုံပိုင်ရှင်က ထရံပေါက်တွေကို ပြန်ဖာလိုက်ပြီဆိုရင် ကျွန်တော်တို့အဖွဲ့က ဗီဒီယိုတီးလုံးသံတွေကို အပြင်ကနေနားထောင်၊ စကားပြောတွေကို နားထောင်ပြီး ဇာတ်လမ်းကို ပုံဖော်ကြရတယ်။ တချို့သူငယ်ချင်းတွေက သူတို့နားထောင်ရတာကိုပဲ ပြန်ပြောပြရင် ကြည့်ထားတဲ့သူ ပြန်ပြောပြ တာထက်တောင် ပိုနားထောင်လို့ကောင်းသေး။

ဒီလိုနဲ့ ရပ်ကွက်ထဲမှာ တီဗွီလေးတစ်လုံးရောက်လာခဲ့တယ်။ ငါးရိုးအင်တာနာတိုင်လေးနဲ့ ဖမ်းရတာ။ မြဝတီ၊ မြန်မာ့အသံ ဖမ်းလို့ရတယ်။ တစ်ခါတလေကြည့်နေရင်းနဲ့ လိုင်းပျက်သွားရင် ဝါးလုံးနဲ့ အိမ်ကျော်အောင် ထောင်ထားတဲ့ အင်တာနာတိုင်ကို တစ်ယောက်က ပြေးလှည့်ရတယ်။ လာပြီဆိုရင် ကြည့်နေတဲ့သူအားလုံးက ရပြီရပြီလို့အော်ရတယ်။ ပထမဆုံးကြည့်ဖူးတာက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းရဲ့ ဘောလုံးပြိုင်ပွဲတစ်ခုပဲ။ ပယ်နယ်တီနဲ့ မန္တလေးတိုင်းက နိုင်သွားတာကိုကြည့်ခဲ့ရတာ။ တနင်္ဂနွေ နေ့ဆို ဘုရားကျောင်းဆင်းပြီးရင် တနင်္ဂနွေဇာတ်လမ်းဆိုတာကိုကြည့်ကြရတယ်။ ဖြူမည်းဇာတ်ကားတွေ၊ငိုသူငို၊ ရယ်သူကရယ်နဲ့ ကြည့်ကြရတာ။

ဒါပေမယ့် အဲဒီလိုကြည့်ခွင့်ရဖို့အတွက် ရေမချိုးတဲ့ ကျွန်တော်တို့ ခြေထောက်ဆေးရတယ်။ အိမ်ကိုပြောင် လက်နေအောင်ကြမ်းတိုက်ထားတဲ့ အိမ်ပိုင်ရှင်အဘွားက ခြေထောက်မဆေးရင်အိမ်ထဲပေးမဝင်ချင်ဘူး။ အဲဒါကြောင့် တီဗွီကြည့်ချင်ရင် ခြေထောက်အရင်ဆေးရတယ်။ တီဗွီအထဲကို လူတွေ ဘယ်လိုဝင်သွားကြသလဲဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် ငြင်းရတာအမော။ ၉ နာရီ ဇာတ်လမ်းလို့ခေါ်တဲ့ တရုတ်သိုင်းကားတွေ ကြည့်ချင်လို့ သတင်းဖတ်တာကို အကုန်ပြီးအောင် နားထောင်ရတယ်။ အိပ်ပျော်ရင် တီဗွီပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ကြတာကိုး။ အဲဒီနောက်ပိုင်းလေးထောင့်အောက်စက်တွေပေါ်လာတယ်။ ဇာတ်ကားတွေကြည့်လာရတယ်။ ဒါက ကျွန်တော်တို့ ငယ်ငယ်တုန်းက လွမ်းမောစရာကောင်းတဲ့ တယ်လီဗီးရှင်းရဲ့ အစပါပဲ။

တီဗွီဖန်သားပြင်ထက်ရောက်လာတဲ့ ကျွန်တော်

ကျွန်တော် ဆယ်တန်းအောင်ခါစက ကျမ်းစာကျောင်းတက်ပြီး ပါစတာကြီးလုပ်ဖို့ စိတ်ကူးခဲ့ပါတယ်။ အဲဒီအချိန် မှာ နေပြည်တော်မှာရှိတဲ့ တိုင်းရင်းသားအစီအစဉ်မှာ အသံလွှင့်ရမယ်ဆိုပြီး အန်တီလု(ဒေါ်လုပန်-ယခုအငြိမ်းစား) နဲ့ အစ်မ ပဲန်စီတာမွဲတို့က မင်းတပ်မြို့မှာ ဝန်ထမ်းလာရောက်ရှာဖွေကြပါတယ်။ ကျွန်တော့်အစ်ကိုကြီးဆီ သူတို့ ရောက်လာကြတော့ သူတို့ခေါ်တဲ့ဝန်ထမ်းရဖို့ ကျွန်တော်တို့ ကူညီ လိုက်ရှာကြရတယ်။ အန်တီလုက အသံသွင်းစက်နဲ့ ကျွန်တော့်အသံ စမ်းသွင်းကြည့်ပါလားလို့ ပြောတော့ ကျွန်တော်ငြင်းပါသေးတယ်။ ကျွန်တော့် အစ်ကိုကြီး ဦးတမ်အွမ်ရှိန်းက စမ်းကြည့်လိုက်ပါဆိုလို့ သူတို့ယူလာတဲ့ သတင်းတစ်ပုဒ်ကို ချင်းလိုဘာသာပြန်ပြီး စမ်းသွင်းကြည့်တယ်။ အန်တီလှက နေပြည်တော် လိုက်လာပါလားလို့ခေါ်တယ်။ အမေကလည်း လိုက်သွားပါဆိုတော့ နေပြည်တော်ကို ၂၀၁၀ မှာ ရောက်လာခဲ့တယ်။ နေပြည်တော်ရောက်လာပြီးမှတီဗွီဖန်သားပြင်ကလူတွေကို အပြင်မှာတွေ့နေရတော့ ကျွန်တော် အလွန်ပျော်သွားတယ်။ ကိုယ့်လိုစကားဝဲတဲ့ တိုင်းရင်းသားတွေနဲ့ပါ ဆုံရတော့ ပူပြင်းတဲ့နေပြည်တော်မှာ ပျော်စရာတွေ ရှာတွေ့သွားခဲ့ရတယ်။

ရေဒီယိုမှာ အလုပ်လုပ်နေရင်းကနေ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ဖို့ တိုင်းရင်းသား အချင်းချင်း ပိုမိုနားလည်နိုင်ပြီး စည်းလုံးချစ်ခင်စေဖို့အတွက် တိုင်းရင်းသားဘာသာစကားနဲ့ တီဗွီအစီအစဉ် ထုတ်လွှင့်မယ်ဆိုတော့ ကျွန်တော်က ပထမဆုံးနာမည် သွားပေးပါတယ်။ အလွန်ကိုစိတ်လည်း လှုပ်ရှားနေခဲ့ပါ တယ်။ စပါပြီ။ တစ်ခါမှ မကိုင်ဖူးတဲ့ ကင်မရာကြီးတွေ ကိုင်ပြီး ချင်းတောင်ကို ပြန်တက်၊ ရိုက်ကူးရေးတွေ လုပ်ရတာက ပျော်ရွှင်စရာပါပဲ။

NRC အစီအစဉ်မရှိခင် ရေဒီယိုက သူငယ်ချင်းတွေနဲ့ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ကို နေပြည်တော် တိုင်းရင်းသားကျေးရွာမှာ သွားရောက်ရိုက်ကူးကြပါသေးတယ်။ ကိုယ်ငယ်ငယ်တုန်းက အကြိမ်ကြိမ်ချောင်းကြည့်ဖူးခဲ့ရတဲ့ ဖန်သားပြင်မှာ ကိုယ့်ရုပ်ကို ကိုယ်ပြန်မြင်ရတော့ ကြက်သီးထသွားတယ်။ စိတ်ထဲမှာ အမျိုးအမည်ဖော်ပြလို့ မရတဲ့ ခံစားမှုမျိုးကို ခံစားလိုက်ရပါတယ်။ တီဗွီထဲမှာ လူဝင်သွားတယ်ဆိုတာ ငြင်းခုံရမယ့် သူငယ်ချင်းတွေကလည်း တီဗွီမှာလူဝင်တာမဟုတ်ဘူးဆိုတာ ကိုယ့်ထက် သဘောပေါက်သွားခဲ့ကြပါပြီ။ ဒီလို ငြင်းခဲ့တဲ့ သူငယ်ချင်း တချို့ကလည်း ကျွန်တော့်အင်တာဗျူးတွေကို ဖြေဆို ပေးရတဲ့ အဆင့်တွေလည်း ဖြစ်နေကြပါပြီ။ ကျွန်တော့် ကိုယ်ကျွန်တော် တီဗွီဖန်သားပြင်မှာ ပြန်မြင်ရတိုင်း မေ့လို့မရတဲ့ ငယ်ဘဝကို မနေ့ကလိုပဲ ပြန်သတိရမိပါ ၊ တယ်။ တစ်ချိန်က သူကြောက်ခဲ့ရတဲ့ မော်တော်ကားကို ၊ ကိုယ်တိုင်မောင်းနှင်နေရတဲ့အခါ ဘယ်လိုခံစားချက်မျိုး သူ့မှာရှိတယ်ဆိုတာကို ပက်ကွီယောင်ကိုတော့ မေးလိုက် ချင်ပါသေးတယ်။

မြန်မာ့ရုပ်မြင်သံကြားရဲ့ (၇၅)နှစ်ပြည့်မှာ ကျွန်တော့် ရဲ့ လုပ်ငန်းသက်ကလည်း ဆယ်နှစ်ကျော်စွန်းခဲ့ပါပြီ။ ကျွန်တော့်ဆယ်ကျော်သက်ဘဝတစ်ခုလုံးမှာ ကြုံဆုံခဲ့ရတဲ့ ဆရာတွေ၊ သူငယ်ချင်းမိတ်ဆွေတွေအားလုံးက ကျွန်တော့်ဘဝကို စိုက်ထူပေးခဲ့ကြတာပါပဲ။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံးက MRTV ရဲ့ စိန်ရတုနှမ်းစေ့တွေပါပဲ။ ။

မြန်မာ့အလင်း