ကျွန်တော်တို့ အစိုးရက မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ မှန်ကန်တဲ့လမ်းစဉ်၊ ဥပဒေနဲ့အညီ တရားဥပဒေစိုးမိုးမှုတွေလည်း ဖြစ်အောင်၊ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ (ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး)

၁၉  ဧပြီ

 

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာဖြင့် ဆောင်ရွက်နိုင်ရန် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၀ ရက်မှ ၁၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နေရပ်စွန့်ခွာသူများစခန်း၌ နေရပ်စွန့်ခွာသူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

 

အဆိုပါ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းပြီး ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့ပါသည် -

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

 

အဲဒီစခန်းမှာ ရောက်နေသူအချို့က မြန်မာစကားတတ်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာစကားနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာတွေကို ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့ပါ တယ်။ အဓိက ကဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာနေခဲ့ပြီး နေရပ်စွန့်ခွာသွားတဲ့ သူတွေဆိုရင် ပြန်လည်လက်ခံဖို့ အစိုးရမှာတာဝန်ရှိတယ်။ အဲဒီတာဝန်ကို ကျွန်တော်တို့က ကျေပွန်အောင် ထမ်းဆောင် တယ်။ သူတို့ကို ပြန်လက်ခံမယ့် အစီအစဉ်ကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်လုပ်ထားပြီး အစီအစဉ်တွေလည်း ချမှတ်ထားပြီးဖြစ်ပါတယ်။  ဒါတွေကို အဲဒီဒုက္ခသည်စခန်းမှာရှိတဲ့ နေရပ်စွန့်ခွာလာတဲ့ သူတွေက တကယ်ကော ဂဃနဏ သိရဲ့လားဆိုတာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် သူတို့နဲ့တွေ့ဆုံပြီး ကျွန်တော်တို့ ပြန်လည်လက်ခံဖို့ ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေကို ရှင်းပြခဲ့ပါတယ်။ 

 

အဲဒီအခါမှာ သူတို့ကလည်း သူတို့မှာ ရှိတဲ့အခက်အခဲတွေကို ပြန်လည်ပြောပြပြီး လိုအင်ဆန္ဒတွေကို တင်ပြကြပါတယ်။ ဒါပေမယ့် အဓိက ဘာသွားတွေ့လဲဆိုတော့ တကယ်တော့ သူတို့အနေနဲ့ ပြန်လာချင်သလား၊ အဓိက မိမိဆန္ဒနဲ့မိမိ ပြန်လာချင်ရင် ပြန်လာလို့ရပါတယ်။ ကျွန်တော်တို့က မေးတော့ အများစုက အားလုံးနီးပါးက ပြန်လာချင်ကြပါတယ် လို့ပြောတယ်။ သို့သော် ပြန်ဖို့ဘာလုပ်နေသလဲလို့မေးတော့ ဘာမှမလုပ်ရသေးဘူး။ အမှန်က ပြန်မယ်ဆိုရင် သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်က သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကို ပြန်ချင်တဲ့အကြောင်းကို ပြောရမယ်။ ပြောရုံတင်မကဘူး ပုံစံပါဖြည့်ရမယ်။ ဒါပေမယ့် အဲဒီပုံစံကို သူတို့က မတွေ့ဖူးကြဘူး။ ပုံစံလည်း သူတို့တစ်ခါမှ မရဘူးဖြစ်နေတယ်။ သဘောတူညီချက်အတိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က တာဝန်ရှိသူများက ဒီပုံစံတွေ အဲဒီကဒုက္ခသည် စခန်းတွေမှာ ဖြန့်ဝေရမယ်။ ပြီးရင် ပြန်ချင်တဲ့သူရှိရင် ပုံစံကိုဖြည့်ပါလို့ ပြောရမယ်။ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ဆည်းပြီး မြန်မာနိုင်ငံ ဘက်ကို ပြန်ပို့ရမယ်။

 

ဥပဒေနဲ့အညီ ဆောင်ရွက်နေ

 

မြန်မာနိုင်ငံဘက်ကမှ ရောက်ရှိလာတဲ့ စာရင်းတွေကိုစိစစ်မယ်။ စိစစ်မယ်ဆိုတာက အကြမ်းဖက် သမားတွေ ပါဝင်ခြင်းရှိ/မရှိ အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း စိစစ်ရပါမယ်။ စိစစ်ပြီး စာရင်း ပြန်ပို့မှ ဘင်္ဂလားဒေ့ရှ်ဘက်က အသုတ်လိုက်၊ အသုတ်လိုက် ပြန်ပို့မယ်ပေါ့။ အဲဒီအစီအစဉ်ကို စခန်းထဲမှာရှိတဲ့ သူတွေက ဂဃနဏ သိပ်မသိဘူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ကိုလာပြီး ဒုက္ခသည် စခန်းကသူတွေကိုတွေ့ပြီး အဲဒီအကြောင်းအရာတွေကို ပြန်ပြောပြမှ သူတို့လည်း သဘောပေါက်သွားကြ ပါတယ်။ တချို့ကလည်း သူတို့လိုလားချက်တွေကို တင်ပြခွင့်ရကြပါတယ်။ သူတို့တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်။ ဒါ့အပြင် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဥပဒေနဲ့အညီရမယ်။ 

 

အဲဒီတော့ ကျွန်တော်တို့ ဆောင်ရွက်ထားတာတွေက ဘာတွေရှိလဲဆိုတာကို ရှင်းပြတယ်။ လက်ခံရေး စခန်းတွေ လုပ်ထားတယ်။ ခေတ္တခဏနေရမယ့် နေရာတွေလုပ်ထားတယ်။ နောက်ပြီး သက်ဆိုင်ရာနေရာ အလိုက် မိမိတို့နေခဲ့တဲ့ နေရာအလိုက် အနီးဆုံးနေရာမှာ ပြန်ပြီးနေရာချထားမယ်။ နေရာချထားတဲ့အခါမှာ မူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ဖြစ်အောင်ဆိုပြီး ကျွန်တော်တို့ရဲ့ ဘေးဒုက္ခနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတဲ့ ဥပဒေထဲမှာလည်းပါတယ်။ 

 

ဥပဒေထဲမှာ ဘေးဒုက္ခရောက်ပြီးတဲ့သူကို မူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ကြိုးစားဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာပါတော့ ဒီအတိုင်းကို ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါတွေကို ဒုက္ခသည်စခန်းမှာတွေ့တုန်း ပြောပြပေးနိုင်ခဲ့ပါတယ်။

 

အဲဒီမှာလည်း ကျွန်တော်တို့ တချို့ကိုတွေ့တယ်။ ဥပမာ - ပညာရေးဝန်ထမ်းပဲ တွေ့တဲ့အခါကျတော့ သူလည်း ဒီရောက်နေတဲ့အတွက် သူနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ပေးမယ်စသဖြင့် တစ်ဦးချင်း၊ တစ်ဦးချင်းမှာ လိုအပ်ချက်လေးတွေကို တွေ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အမြန်ကူညီလို့ရမယ့် အချက်လေးတွေကိုလည်း တွေခဲ့ပါတယ်။ 

 

တွေ့ခွင့်မရခဲ့

 

ဒုက္ခသည်စခန်းက အတော်ကို ကျယ်ဝန်းတဲ့အတွက် အများစုကို အပြင်ကနေ လိုက်ကြည့်တယ်။ စခန်းရဲ့ တစ်နေရာမှာ စခန်းရောက်နေသူတွေရဲ့ ကိုယ်စားလှယ်တချို့နဲ့ တွေ့ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုထားတာက ကျွန်တော်တို့ဘက်က ပို့ထားတဲ့ ဟိန္ဒူ ၅၀၈ ယောက်နဲ့ မူစလင် ၇၅၀ ကို တွေ့ချင် တယ်ဆိုတာက သီးခြားတွေ့ခွင့် မရခဲ့ဘူး။ နောက်ထပ် ဘင်္ဂလားဒေ့ရှ်ဘက်က ပေးတဲ့ ၈၀ဝ၀ ကျော်စာရင်းထဲ စိစစ်ပြီးသား ၆၀ဝ ကျော်ရှိတယ်၊ ဒီလူတွေနဲ့ တွေချင်တယ် ဆိုတော့လည်း တွေ့ခွင့်မရခဲ့ဘူး။

 

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ကိုယ်စားလှယ်တွေကို တွေ့ခွင့် ရခြင်းဟာ ကျွန်တော်တို့အတွက် အမြတ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကတစ်ဆင့် ထပ်ပြီး ဒီသတင်းတွေကို ပြန်ဖြန့်ပေးဖို့လိုတယ်။ သူတို့ဘာကြောင့် ဒီဘက်ကို ပြန်လာဖို့ အစီအစဉ်ကို မစနိုင်သေး တာလဲဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါဟာ ဒီခရီးစဉ်ရဲ့ အမြတ်ပဲဖြစ်ပါတယ်။ 

 

အောင်မြင်မယ်

 

နောက်တစ်ခုပိုပြီး အမြတ်ထွက်တာက  ဧပြီ ၁၂  ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကိုတွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ လိုအပ်ချက်တွေနဲ့ နှစ်နိုင်ငံသဘောတူညီချက်ပုံစံအတိုင်း ဖြည့်ဆည်းပေးမယ်ဆိုရင် ပြန်လည် လက်ခံရေး အစီအစဉ်က ပိုပြီးမြန်ဆန်အောင်မြင်မယ်လို့ ဆွေးနွေးတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနဲ့အဖွဲ့က လိုလိုလားလားနဲ့ပဲ ဒီကိစ္စကို ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ ပုံစံကျဖြစ်အောင် ဆောင်ရွက်ပါ့ မယ်ဆိုတဲ့ ကတိရခဲ့တယ်။ 

 

ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း ကျွန်တော်တို့ ချမှတ်နိုင်ခဲ့တယ်။ ဒါဟာ အင်မတန် ကောင်းတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ နောက်ပြီး နှစ်နိုင်ငံမှာ ဆောင်ရွက်ရမယ့် အချက်တွေကိုလည်း ဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်နိုင်ခဲ့တာ ရှိပါတယ်။ အဓိကကတော့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာနဲ့ ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်မယ်ဆိုတဲ့ အဖြေကို လက်တွေ့ရခဲ့တယ်။

        
နောက်ပြီးတော့ နှစ်နိုင်ငံဆောင်ရွက်ရမယ့် ကိစ္စလေးတွေလည်း ကျွန်တော်တို့ ဆွေးနွေးပြီး ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့တယ်။ အဓိကကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်မယ် ဆိုတာ ဒီနေ့အဖို့ လက်တွေ့ရခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးဆောင်ပြီး ဆွေးနွေးတဲ့ ပွဲမှာ ကျွန်တော်တို့ဘက်က ဖြစ်နေတဲ့၊ ကြုံတွေ့နေရတဲ့ အခက်အခဲပေါ့၊ ဒါတွေ အကုန်လုံးကို ကျွန်တော်တို့ ရှင်းပြနိုင်ခဲ့တယ်။

 

ဒါတွေအကုန်လုံးကိုလည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေနဲ့ ပူးပေါင်းကူညီမယ်။ ပူးပေါင်းကူညီမယ့် နည်းလမ်းတွေကိုလည်း ပြောပြလိုက်တယ်။ ကျွန်တော်တို့နဲ့ ညှိနှိုင်းအောင်မြင်ခဲ့တယ်ပေါ့။ ကျွန်တော်တို့ ခရီးစဉ်ရဲ့ အောင်မြင်မှုဖြစ်ပါတယ်။

        
ခြုံငုံပြီးပြောရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျွန်တော်တို့ လာရောက်တဲ့ ရည်ရွယ်ချက်က နှစ်ခုဖြစ်ပါတယ်။ တစ်ခုက ဒုက္ခသည်များနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သူတို့လိုအပ်ချက်ကို ကျွန်တော်တို့သိမယ်။ ကျွန်တော်တို့ရဲ့ ပြန်လည်လက်ခံတာနဲ့ ပတ်သက်ပြီး  ပြင်ဆင်ထားမှုကို တိုက်ရိုက် သူတို့နဲ့ထိတွေ့ပြီး ပြောနိုင်ဖို့ အခွင့်အရေးပေါ့။ ဒါကို ကျွန်တော်တို့ ရခဲ့တယ်။

        
ဒါပေမယ့် ဒုက္ခသည်စခန်းက ကျယ်ပြန့်လွန်းတော့ အားလုံးကိုတော့ တွေ့ဆုံခဲ့ရတာ မရှိဘူး။ ကျွန်တော် တို့ လိုချင်သလောက် စိတ်တိုင်းကျ လူအများကြီးနဲ့တော့ တွေ့ဆုံခဲ့ရတာ မဟုတ်ဘူး။ အခြားသူတွေနဲ့ တွေ့ရင်လည်း ဒီပုံစံ၊ ဒီအခက်အခဲပဲ ရှိမှာပဲ။ 

        
အဓိကကတော့ နှစ်နိုင်ငံ သဘောတူစာချုပ်ထဲမှာပါတဲ့ ပုံစံကို မဖြည့်စွက်ရသေးဘူး။ ဒီပုံစံနဲ့ ပတ်သက်ပြီး သူတို့မသိသေးဘူးဆိုတာ အဓိက အချက်ဖြစ်နေတယ်။ အဲဒါကို ကျွန်တော်တို့က အစိုးရအဖွဲ့ထဲမှာပါတဲ့ ဝန်ကြီးများနဲ့ တွေ့တဲ့အခါ ညှိနှိုင်းပြီး ဝန်ကြီးများကလည်း စိတ်ပါလက်ပါနဲ့ တကယ့်ကို ကူညီချင်တဲ့စိတ်၊ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်နဲ့ ဆွေးနွေးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်။ အဲဒီတော့ မကြာခင်မှာပဲ ပြန်လည်လက်ခံမယ့် ကိစ္စကို စနိုင်မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်တယ်။ အဲဒီအတွက်ကိုလည်း အင်တိုက်အားတိုက် ဆက်လက်ပြီး ပူးပေါင်းကြိုးစားသွားရမှာဖြစ်ပါတယ်။ 

 
ဆက်စပ်နေ

 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေပါတယ်။ တရားဥပဒေ စိုးမိုးရေးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေပြီး ၎င်းနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ် အေးချမ်းရေးဟာ ဆက်စပ်နေတယ်။ တည်ငြိမ်အေးချမ်းဖို့ တရားဥပဒေစိုးမိုးမှု ရှိရမယ်။

 

 
        
အဲဒီပုံစံလိုပဲ ရခိုင်ဒေသမှာလည်း တရားဥပဒေစိုးမိုးမယ်၊ တည်ငြိမ်အေးချမ်းမယ်ဆိုရင် ဖွံ့ဖြိုတိုးတက်မှု တွေ ဖြစ်လာမှာပဲဖြစ်ပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို ပြန်စဉ်းစားလိုက်မယ်ဆိုရင် ဒါတွေအားလုံးဟာ ပဋိပက္ခတွေဖြစ်တယ်။ တိုးတက်မှုတွေ ဆုံးရှုံးတယ်။ ဒါဟာ တစ်နေရာမှာ ဆုံးရှုံးရင် တစ်နိုင်ငံလုံးမှာ ထိခိုက်တာပဲ၊ ဒါကို ဆုံးရှုံးတယ်လို့ ပြောနိုင်ပါတယ်။

 

အားလုံးပူးပေါင်း

        
နောက်ပြီး ရခိုင်ပြည်နယ်အရေးဟာ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် ရခိုင်အရေးမှာ ဆုံးရှုံးရင် နိုင်ငံတကာမှာ ဆုံးရှုံးတာနဲ့တူနေပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာလည်း ဆုံးရှုံးမှုမရှိရ အောင်  တိုင်းပြည်မှာလည်း တကယ်အရှုံးမရှိဘဲနဲ့ အောင်မြင်မှုတွေရအောင် အားလုံးပူးပေါင်း ဆောင်ရွက်ရ မှာပါ။ 

        
ဒါကြောင့် ကျွန်တော်တို့ အစိုးရက မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ မှန်ကန်တဲ့လမ်းစဉ်၊ ဥပဒေနဲ့အညီ တရားဥပဒေစိုးမိုးမှုတွေလည်း ဖြစ်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးစားဆောင်ရွက်ခြင်းဟာ တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးမှုကို ဦးတည်ပြီး ရခိုင်ဒေသကို ဆောင်ရွက် နေခြင်း ဖြစ်တယ်ဆိုတာကို ပြည်သူများက သဘောပေါက်ပြီး ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်ရင် ကောင်းမှာ ဖြစ်ပါတယ်။ အခုလည်း ပူးပေါင်းဆောင်ရွက်နေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း တည်ငြိမ်အေးချမ်းအောင် ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။ 

 

ပါမောက္ခဒေါက်တာအောင်ထွန်းသက် (UEHRD ညှိနှိုင်းရေးမှူးချုပ်)

        
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ကျွန်တော်တို့ နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ် ရေးထိုးထားတာက ၂၀၁၇ ခုနှစ် နိုဝင်ဘာလကထိုးခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်မှာ ပြန်လည်လက်ခံဖို့ အတွက် ညွှန်ကြားထားတဲ့အတွက် ကျွန်တော်တို့က လက်ခံနိုင်အောင် အမျိုးမျိုးကြိုးစားတယ်။ အဆင်သင့်လည်း အတော်လေး ဖြစ်နေတယ်။ ဒါပေမယ့် အခုက အချိန်က ရွေ့လာတယ်။ နောက်တစ်ခုက မကြာခင် မိုးကလည်း လာတော့မယ်။ ကျွန်တော်တို့အနေနဲ့က မိုးကျရင် ဟိုဘက်မှာလည်း အခက်အခဲရှိသလို၊ ဒီမှာနေရတဲ့ သူတွေ အတွက်လည်း စိန်ခေါ်မှုတွေက အတော်ရှိပါတယ်။ အဲဒါတွေကို ကျော်လွှားနိုင်အောင် အမြန်ဆုံးတော့ ဖြစ်စေချင်တယ်။ အမြန်ဆုံးဖြစ်ရုံတင် မကဘူး မှန်ဖို့လည်းလိုတယ်။ 

 

မျှော်လင့်

       
တစ်ချိန်တုန်းက ဖြစ်ခဲ့သလို မြန်တော့မြန်တယ်၊ မှားတာမျိုး မဖြစ်သင့်ဘူး။ အဲဒီတော့ မှန်အောင်လုပ်ပြီး နှေးတာမျိုးလည်း မဖြစ်သင့်ဘူး။ အဲဒီလောက် နှေးတာမျိုးကိုလည်း ကျွန်တော်တို့က လက်မခံနိုင်ဘူး၊ အဲဒါ ကြောင့် ကျွန်တော်တို့က မြန်လည်းမြန်ရမယ်၊ မှန်လည်းမှန်ရမယ်ဆိုတဲ့ အယူအဆတစ်ခုနဲ့ ကြိုးစားနေတာ ဖြစ်တယ်။ အခုလို နှစ်နိုင်ငံ တိုင်ပင်ညှိနှိုင်းပြီးတဲ့အခါမှာ ဒါတွေအားလုံးဟာ အကောင်အထည်ဖော်လာ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ 

 

သူရဇော်