ကရင်ပြည်နယ် တိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ

ဘားအံ ၁၂ ဖေဖော်ဝါရီ 

 


ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကရင်ပြည်နယ် တိုင်းရင်းသားများရိုးရာစာပေ ယဉ်ကျေးမှုပွဲတော်ကို အမှတ်(၄)ရပ်ကွက် သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ ၁၀ ရက် ပွဲတော်ဒုတိယနေ့တွင် တိုင်းရင်းသားတို့၏ ရိုးရာစာပေယဉ်ကျေးမှု အမွေအနှစ်ပြခန်းများ၊ အဝတ်အထည်အရောင်းပြခန်းများ၊ အစားအစာအရောင်းဆိုင်ခန်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များကို လာရောက်လေ့လာကြည့်ရှု ဝယ်ယူစားသောက်သူများနှင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်ကြာ ကျင်းပလျက်ရှိပြီး ပွဲတော်ဒုတိယနေ့တွင် ကရင်တိုင်းရင်းသားများဖြစ်ကြသည့်ပိုးကရင်၊ စကောကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ မိုဘွာကရင်၊ ကရင်ဖြူ၊ ဂေဘားကရင်တို့၏ ခင်းကျင်းပြသထားသော ရိုးရာစာပေယဉ်ကျေးမှု၊ အဝတ်အထည် အသုံးအဆောင်နှင့် တူရိယာပစ္စည်းများ၊ ကယန်းတိုင်းရင်းသားတို့၏ ရိုးရာ စာပေယဉ်ကျေးမှု အမွေအနှစ် ပြခန်းများ၊ ဗမာတိုင်းရင်းသားတို့၏ ရိုးရာစာပေယဉ်ကျေးမှု အမွေအနှစ်ပြခန်းများ၊ မွန်တိုင်းရင်းသားတို့၏ ရိုးရာစာပေယဉ်ကျေးမှု အမွေအနှစ်ပြခန်းများ၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာစာပေယဉ်ကျေးမှု အမွေအနှစ်ပြခန်းများ၊ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာစာပေယဉ်ကျေးမှု အမွေအနှစ်ပြခန်းများအား လာရောက်လေ့လာကြည့်ရှုသူများ အထူးပင်များပြားသကဲ့သို့ ကရင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာအစားအစာ အရောင်းပြခန်းများနှင့် အဝတ်အထည်အသုံးအဆောင် အရောင်းပြခန်းတို့တွင် လာရောက် မြည်းစမ်းစားသုံးသူများ၊ ကြည့်ရှုဝယ်ယူသူများဖြင့် လက်မလည်အောင် ရောင်းချကြရကြောင်း သိရသည်။

 

ထို့အတူ ညပိုင်းတွင် ကရင်၊ ဗမာ၊ မွန်၊ ရှမ်း၊ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ညစဉ် ကပြဖျော်ဖြေလျက်ရှိရာ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများသာမက ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်အပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေထိုင်ကြသည့် တိုင်းရင်းသားများလည်း လာရောက်ကြည့်ရှု အားပေးကြ ကြောင်း၊ ကရင်၊ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသား နာမည်ကြီးတေးသံရှင်များ သီဆိုဖျော်ဖြေသည့် စတိတ်ရှိုး စင်တင်တေးဂီတဖျော်ဖြေပွဲတွင်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့်ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ မူခင်းပညာပေးပြခန်းယာဉ်တို့ တွင်လည်း စာအုပ်စာပေများ၊ အသိပညာပေးပိုစတာများအား ဖတ်ရှုလေ့လာသူများဖြင့် စည်ကားလျက် ရှိကြောင်း၊ တိုင်းရင်းသားရိုးရာစာပေယဉ်ကျေးမှု အမွေအနှစ်ပြခန်းများ၊ အစားအစာအရောင်းဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများကြောင့် ပွဲတော်မှာစည်ကားလျက်ရှိပြီး ဘားအံမြို့ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားပြည်သူများ ပျော်ရွှင်စွာဖြင့် ပွဲတော်ကို ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်