ကရင်ပြည်နယ်တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ ၉ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကရင်ပြည်နယ် တိုင်းရင်းသားများ ရိုးရာစာပေယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်က အမှတ်(၄)ရပ်ကွက် သီရိကွင်း၌ ကျင်းပသည်။

 

ရှေ့ဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ တိုင်းရင်းသားရိုးရာစာပေယဉ်ကျေးမှု ပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကျော်ဝင်းမောင်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပွဲတော်ကို ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲနေထိုင်သွားရန်၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့၊ ဝတ်စားဆင်ယင်မှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် ကရင်ပြည်နယ် အတွင်းရှိ ကရင်၊ ရှမ်း၊ မွန်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားများ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှုအမွေအနှစ်ပြခန်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဝတ်အထည် အရောင်းပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းဆိုင်ခန်းများအား လိုက်လံကြည့်ရှုအားပေးပြီး ကရင်ပြည်နယ် တိုင်းရင်းသားတို့၏ ရိုးရာစာပေယဉ်ကျေးမှု ပွဲတော် အထိမ်းအမှတ် မီးပုံးပျံကို လွှတ်တင်ပေးခဲ့ကြသည်။

 

ကရင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်ကို ကရင်၊ ရှမ်း၊ မွန်၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသားတို့၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းပေါင်း ၇၀ ခန်း၊ ဖျော်ဖြေရေးအဖွဲ့ ၆၈ ဖွဲ့တို့ဖြင့်ဖေဖော်ဝါရီ  ၉ ရက်မှ ၁၂ ရက်ထိ ၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)