ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

ဘားအံ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်စုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Volunteers စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အသက်(၁၂)နှင့် အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ ကာကွယ်ဆေး မထိုးမီစာရင်းရေးသွင်းခြင်း၊ မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးနောက် မိနစ်(၃၀)ကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ လှာက‌ဒေါင်ကျေးရွာမှ ရဲသာကျေးရွာသို့ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ၊ အောက်ခံမြေသားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေထုတ်ပြွန်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မိုးလုံလေလုံ ပြည်နယ်အားကစားရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၅၀ ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘောလုံးအခြေခံအားကစားနည်းများ သင်ကြားပြသပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)