ကရင်တိုင်းရင်းသားနှင့် အရှိုချင်းတိုင်းရင်းသားရိုးရာ စာပေဖွံ့ဖြိုးရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ပြပွဲကျင်းပ

ပေါက်ခေါင်း  ၁၂  ဖေဖော်ဝါရီ    

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်  ပေါက်ခေါင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသတွင်း တိုင်းရင်းသား စာပေယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော တိုင်းရင်းသား စာပေဖွံ့ဖြိုးရေးနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြပွဲကို မြို့နယ်ပြန်/ဆက်ရုံး Community Centre ၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးအောင်ကိုသန့်၊ ခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစောမျိုးချစ်နှင့် မြို့နယ် အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဆလိုင်းစိန်မြင့်ကြိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်/ဆက် ဦးစီးမှူးက ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် ဦးစိန်ဖေက ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းနှင့် ဗဟိုအရှိုချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် ဆရာတော် ဦးနန္ဒမာလာက အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကာ မြို့နယ်ပြန်/ ဆက်ဦးစီးမှူး ဒေါ်ဥမ္မာကျော်က ပါဝင်ကူညီခဲ့သူများကို ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။

 

 

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက Community Centre ၌ ခင်းကျင်းပြသထားသော ကရင်နှင့် အရှိုချင်းတိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ ပြခန်းကို လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက ပြပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီ ဝိုင်းဝန်းခဲ့ကြသော မြို့ပေါ်ဌာနဆိုင်ရာ အသီးသီးနှင့် စေတနာရှင် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ကာ ယင်းအခမ်းအနားတွင် ကရင်တိုင်းသားနှင့် အရှိုချင်းတိုင်းရင်းသား လူငယ် မောင်မယ်များက အခမ်းအနားတက်ရောက်လာကြသူများကို ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)