ကရင်တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအက သင်တန်းဆင်းပွဲ ကျင်းပ

ရွှေကျင် ၂၅ မေ

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသော ကရင်တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအကသင်တန်းဆင်းပွဲကို မေ ၂၄ ရက် နံနက် ၉ နာရီက ရှမ်းကြေးရပ်ကွက် မူကြိုကျောင်းခန်းမ၌ ကျင်းပသည်။

 

ကရင်တိုင်းရင်းသား ရိုးရာဒုံးယိမ်းအက သင်တန်းကို မြို့နယ်အတွင်းရှိ ကရင်လူငယ်မောင်မယ် ၃၆ ဦးအား ပဲခူးမြို့မှ ကရင်ဒုံးယိမ်း ဆရာ ၊ ဆရာမများဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်မှ မေ ၂၂ ရက်အထိ သင်ကြားပေးခဲ့သည်။ ရွှေကျင်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌစောဆန်နီက ကရင်ရိုးရာအမွေအနှစ်များ မပျောက်ပျက်စေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်အား ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ကလေးငယ်များအား သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ကရင်တိုင်းရင်းသားရိုးရာ  ဒုံးယိမ်းအကသင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး  ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပွယ်ဆေး၊ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဒုတိယဥက္ကဋ္ဌဒေါက်တာ ကြည်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ ရွှေကျင်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံကရင်လူမျိုးများ တက်ရောက်ကြကြောင်း သိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)