ကသာမြို့နယ်၊ သာဂရကျေးရွာရှိ သာဂရ(လေးရွာ)ကျောင်းတိုက် (ခေါ်) ခန္တီပါရမီကျောင်းတော်၌ ရှေးဟောင်းသမိုင်းဝင် ဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်းသမိုင်းဝင်ပစ္စည်း အများအပြား ထိန်းသိမ်းထားရှိ

ကသာ ၂၇ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် (၂၃)မိုင်ကွာဝေးသည့် ကလုံကျေးရွာအုပ်စု၊ သာဂရကျေးရွာရှိ သာဂရ(လေးရွာ)ကျောင်းတိုက် (ခေါ်) ခန္တီပါရမီကျောင်းတော်တွင်  ကျေးရွာ ကျောင်းထိုင်ဆရာတော်များ အဆက်ဆက်က စုဆောင်းထိန်းသိမ်းခဲ့သော ခေတ်အဆက်ဆက်က ရှေးဟောင်းသမိုင်းဝင် ဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်းသမိုင်းဝင်ပစ္စည်း အများအပြား ထိန်းသိမ်းထားရှိကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

 

အဆိုပါကျောင်းတော်တွင် ရှေးဟောင်းသမိုင်းဝင် ဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်းသမိုင်း ဝင်ပစ္စည်း အများအပြားရှိသည့်အပြင် အဆိုပါရှေးဟောင်းပစ္စည်းများသည် အစဉ်အဆက်က ပျောက်ဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

 

“ဒီကျောင်းမှာ ခေတ်အဆက်ဆက်က ရှေးဟောင်းဘုရားရုပ်ပွားတော်နှင့် ပေစာ၊ ပုရပိုက်စာ စတဲ့ရှေးဟောင်းပစ္စည်း များစွာရှိတယ်။ ပျောက်တာက ၁၉၈၈ ခုနှစ်ရဲ့ ဒီဘက်ကို ပျောက်တာဖြစ်ပြီး သုံးကြိမ်အခိုးခံရတယ်။ ရှေးဟောင်းဘုရားရုပ်ပွားတော်နှင့် ပစ္စည်းရဲ့ သုံးပုံတစ်ပုံ ပျောက်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ပထမကျောင်းထိုင်ဆရာတော်ကြီးရဲ့ ကွမ်းအစ်တစ်ခု အခိုးခံရပြီး ပျောက်တာတွေကိုတော့ လိုချင်တဲ့အခါ သွားဖွင့်ကြည့်မှ ပျောက်မှန်းသိရတဲ့အတွက် အခိုးခံရတဲ့ ပစ္စည်းနောက် လိုက်မရတော့ဘူး”လို့ အဆိုပါကျောင်းတော်၏ လက်ရှိကျောင်းထိုင် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

 

ထို့အပြင် အဆိုပါရှေးဟောင်းသမိုင်းဝင် ဘုရားရုပ်ပွားတော်များကို ဆောက်လုပ်နေဆဲဖြစ်သည့် အဆိုပါကျောင်းတော်တွင် ထိန်းသိမ်းထားရှိပြီး ဆောက်လုပ်ဆဲကျောင်းတော် လုပ်ငန်းအားလုံး ပြီးစီးပါက အဆိုပါဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်းများအတွက် လုံခြုံစိတ်ချသွားမည် ဖြစ်ကြောင်း၊ အဆိုပါကျောင်းတော်သည် အခန်းပေါင်း(၁၈၆)ခန်း၊ တိုင်လုံးရေ(၂၄၀)လုံးနှင့် တံခါးရွက် ပေါင်း(၂၁၂၉)ခု ရှိကြောင်း၊ အဆိုပါသာဂရကျေးရွာတွင် ရှေးဟောင်းစေတီ(၁၄)ဆူရှိရာ စေတီ(၄)ဆူကို ပြုပြင်ဆောင်ရွက်မှုပြီးစီးကာ ဆက်လက်ပြုပြင်ရန် စေတီ(၁၀)ဆူနှင့် ကျောင်းတော်အောက်ထပ်ရှိ (၈)ပေခွဲ ပတ်လည်တစ်ခန်းလျှင် ငွေကျပ်တစ်သိန်းခွဲ၊ ကျောင်းအပေါ်ထပ်ရှိ (၈)ပေခွဲ ပတ်လည်တစ်ခန်းလျှင် ငွေကျပ်နှစ်သိန်းအထိရှိကြောင်း ကျောင်းထိုင် ဆရာတော်ထံမှ သိရှိရသည်။

 

အဆိုပါကျောင်းတော်တွင် ရှေးဟောင်းသမိုင်းဝင် ဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်းသမိုင်းဝင် ပစ္စည်းများရှိသည့်အပြင် အများသိကြသည့် ဘုံခုနစ်ဆင့်လည်း ရှိသဖြင့် အဆိုပါကျောင်းတော်သို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှုများရှိကြောင်း၊ ကျောင်းတော် အပြီးဆောင်ရွက်နိုင်ရန်နှင့် စေတီပြုပြင်နိုင်ရန်အတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)