ကသာမြို့ရှိ ဗိုလ်ချုပ်ပန်းခြံ၌ View Point တစ်ခု အကောင်အထည်ဖော်မည်

ကသာ၊ ၂၅ ဇန်နဝါရီ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ဗိုလ်ချုပ်ပန်းခြံ၏ ဧရာဝတီမြစ်ဘက်တွင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန် View Point တစ်ခု အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။

           

“ပန်းခြံရဲ့ ဧရာဝတီမြစ်ဘက်ခြမ်း နေရာလွတ်မှာ မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေတယ်။ အဲဒီနေရာဟာ ယခင် အင်္ဂလိပ်ခေတ်က ရေဆိပ်ဆင်းတံတားဖြစ်ခဲ့လို့ ပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်တယ်။ မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးရင် ပြည်သူများအတွက် View Point တစ်ခု ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်”ဟု ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောပြသည်။

           

ဗိုလ်ချုပ်ပန်းခြံကို တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေနှင့် စည်ပင်ဘတ်ဂျက်ရန်ပုံငွေ စုစုပေါင်း ငွေကျပ် သိန်း ၇၀၀ ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအမည်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ပန်းခြံအတွင်း၌ ကျောက်တောင်ရေတံခွန်၊ ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ ပန်းအလှ လှည်းယာဉ်၊ ပန်းစက်ဘီး၊ တာယာရုပ်စုံ၊ သစ်မြစ်ပုံဖော်အလှ၊ စတီးဒန်း၊ နားနေထိုင်ခုံ၊ အားကစားပစ္စည်းများ၊ ရောင်စုံမီးရေပန်းကြီး၊ မီးအလင်းတိုင်များဖြင့် ပန်းခြံအင်္ဂါရပ်များနှင့်အညီ ပြုလုပ်ထားပြီး ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပိုမိုပြည့်စုံလှပစေရေးအတွက် လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲအောင်(ကသာ)