ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့်တန်ဖိုး

၃၁  အောက်တိုဘာ

 

တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပွားစေရန်၊ လူများအား နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါ ဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ကို ကမ္ဘာပေါ်မှ ပပျောက်စေရန်၊ လူ့ပတ်ဝန်း ကျင် ပျက်စီးမှုကို ရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အပြန်အလှန်အရေးထား လေးစားရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေရန်၊ နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရောက်စေရေး ကူညီပံ့ပိုးသော ဗဟိုဌာနဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဒုတိယကမ္ဘာစစ်အပြီးကာလတွင် ထူထောင်ဖွဲ့စည်းခဲ့ သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီး၏ သက်တမ်းမှာ (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

“ကုလသမဂ္ဂသို့ ဝင်ရောက်ပြီးချိန်မှစ၍ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြန်မာ့ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ပြည်သူများ၏ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများ၊ လိုအပ်ချက်များနှင့်အညီ ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ကျင်းပခဲ့သည့် (၇၃)နှစ်မြောက် ကုလသမဂ္ဂနေ့အထိမ်းအမှတ်ဧည့်ခံပွဲတွင် ပြောကြားခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်မှုနှင့် ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် သဘောထား တို့ကို ထင်ဟပ်နေသည်ဟု ဆိုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် နုနယ်သော ဒီမိုကရေစီနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်းဖြင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအနက် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စအပေါ် နိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် ပြည့်ဝရေးအတွက် ကုလသမဂ္ဂကိုစင်မြင့်အဖြစ် အသုံးချနေခြင်းကလည်း အပါအဝင်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်နှင့်အခြေခံမူများ၊ လုံခြုံရေးကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများနှင့် လူသားအသိတရား၏ ကြောင်းကျိုးဆီလျော်မှုနှင့် မျှတမှုတို့ကို ပေါ်ပေါ်တင်တင် ဖီဆန်နေကြကြောင်း၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က ကိုယ်ပိုင်နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကိစ္စကို အပိုင်စီးရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှု လျော့ပါးလာသည်ကို တွေ့မြင်နေရကြောင်းဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အောက်တိုဘာ ၂၄ ရက် (ကုလသမဂ္ဂနေ့) တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်တွင် ထောက်ပြခဲ့သည်။

 

ကုလသမဂ္ဂအဖွဲ့ကြီး ဖွဲ့စည်းခဲ့ခြင်း၏ အဓိကဦးတည်ချက်များနှင့် အခြေခံမူများကိုလေ့လာပါက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး၊ နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ပြဿနာများ ကို ဖြေရှင်းရာတွင်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အတူတကွ တွဲဖက်ဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂအဖွဲ့ ကြီးသည် နိုင်ငံများ၏ ညှိနှိုင်းရာအချက်အချာ ဌာနဖြစ်ရေး စသည်ဖြင့် အပေါင်းလက္ခဏာဆောင်သော မွန်မြတ်သည့် သဘောတရားများကိုသာ တွေ့ရမည်ဖြစ်ပြီး အုပ်စုဖွဲ့၍ ဖိအားပေးရေး၊ အရေးယူပိတ်ဆို့ ရေးတို့အတွက် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ရာနေရာဌာန မဟုတ်သည်မှာ သေချာပါသည်။ လူသားကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနှင့် ထိခိုက်နစ်နာမှုများ၊ ရန်လိုမှုများလျှော့ချရေးတို့အတွက် ဓမ္မဓိဋ္ဌာန်ကျကျ၊ သမာသမတ်ကျကျ၊ ပညာရှင် ပီပီသသနှင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာ ဆောင်ရွက်ခြင်း ဖြင့် ကုလသမဂ္ဂအဖွဲ့ ကြီး၏တန်ဖိုးကို မြှင့်တင်နိုင်ကြပါစေကြောင်း။ ။(မြန်မာ့အလင်း)