ကျုံမငေး၊ နွားထိုးကြီးနှင့် ပြင်ဦးလွင်မြို့နယ်တို့၌ စည်းကမ်းမလိုက်နာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော် ၁၇ ဧပြီ

 

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ နတ္ထိပ်ရပ်ကွက်နေ ဒေါ်ခင်မေရီ (၆၅)နှစ်သည်  ဧပြီ ၁၄ ရက် နံနက် ၁၀ နာရီက ကျေးရွာအတွင်း၌ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်လျက်ရှိသည့်နေရာအား ခွင့်ပြုချက်မရှိဘဲ သွားရောက်ခဲ့၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဒေါ်ခင်မေရီအား ကျုံမငေးမြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

 

 

ထို့အပြင် ဧပြီ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ (၉)ရပ်ကွက် ရာအိမ်မှူး ဦးသိန်းနိုင်နှင့်အဖွဲ့သည် ရပ်ကွက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်စဉ်  အဆိုပါရပ်ကွက်နေ ဟိန်းမင်းထက် (၁၉)နှစ်မှာ ရေကစားနေသည်ကိုတွေ့ရှိ၍  တားဆီးစဉ် မချေမငံပြောဆိုခဲ့သဖြင့် အရေးယူပေးပါရန်တိုင်တန်း၍ ဟိန်းမင်းထက်အား ပြင်ဦးလွင် မြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းနှင့် နွားထိုးကြီးမြို့နယ်၊ လက်ပံကျေးရွာနေ ဦးမြင့်ကျော် (၅၁)နှစ်၏သား နေမျိုးထွန်း (၂၁)နှစ်သည် ရွာငံမြို့နယ်မှ နေအိမ်သို့ပြန်လည်ရောက်ရှိနေကြောင်း သိရှိရ၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင် ဦးစီးအဖွဲ့မှ ကျန်းမာရေးစစ်ဆေးရန် သွားရောက်စဉ် နေမျိုးထွန်းက မချေမငံပြောဆိုပြီး ၎င်း၏ဖခင် မြင့်ကျော်က အရိုး/အသွား ၂ ပေခန့်ရှိဓားအား ကိုင်ဆောင်ကာ ခြိမ်းခြောက်ခဲ့သဖြင့် ဦးမြင့်ကျော်နှင့် နေမျိုးထွန်းတို့အား ကန်နားနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

 

ရဲပြန်ကြား