ကျုံပျော်တွင် မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီဖွဲ့စည်း

ကျုံပျော် ၈ အောက်တိုဘာ

 

မြို့နယ်အတွင်းရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီက ယခုလုပ်ငန်းသည် ပြည်သူများ၏ ကျန်းမာရေးအတွက် များစွာအရေးပါသောကြောင့် ရေရှည်ခိုင်မာအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျန်မာရေးအခြေခံကောင်းမှသာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့် ဝိုင်ဝန်းကြိုးစားသွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

 

၈

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက "ကျုံပျော်မြို့နယ်အနေနဲ့ လက်ရှိမှာ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အသင်း/အဖွဲ့ ၁၀ ခု ရှိပါတယ်။ အဲဒီအဖွဲ့တွေကလည်း သူ့ရည်ရွယ်ချက်နဲ့သူ ရှေ့ဆက်ပြီး ဆောင်ရွက်ဖို့ရှိသလို၊ အခုဖွဲ့မယ့် ကော်မတီနဲ့လည်း ပါဝင်ချိတ်ဆက်ပြီး ပိုမိုအားကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ အခုကျုံပျော်မြို့နယ်မှာ မြို့နယ်ဆေးရုံတစ်ခု၊ တိုက်နယ်ဆေးရုံ ၄ ခုနဲ့ ယခုနှစ်အတွင်းမှာ လူနာ ၁၂၂၀ဝ ဦးကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်၊ အဲဒီလို ဆေးရုံတက်ရောက် ကုသကြရတဲ့ လူနာတွေထဲကမှ အကူအညီလိုအပ်တဲ့သူတွေကို ကော်မတီအနေနဲ့ လိုအပ်တဲ့ သွားလာစရိတ်၊ စားစရိတ်နှင့် ဆေးဘိုးကုန်ကျမှုတို့ကို ထောက်ပံ့ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

 

ထို့နောက် ကော်မတီကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လက်ရှ ိဆောင်ရွက်နေသူများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း(၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အလှူရှင်များက မတည်အလှူငွေနှင့် လစဉ်အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း၊ နိုဝင်ဘာ ၁ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေဝင်း(ကျုံပျော်)