ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချမည်

ရန်ကုန်  ၂၉  မတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ညီနောင်အသင်းများ ဖြစ်ကြသော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများ ပူးပေါင်းကာ စက်မှုဇုန်များတွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ပြည်သူများထံ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ရောင်းချရာတွင် လတ်တလော COVID-19 ရောဂါကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရန်နှင့် ဈေးနှုန်းကြီးမြင့်ခြင်း မရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်း ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်းဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက်ကားလုပ်ငန်းများ ထိခိုက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

အဓိကစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို မတ် ၃၀ ရက်တွင် ရွှေပြည်သာ စက်မှုဇုန် (၁) (၂) (၃) (၄) တို့တွင်လည်းကောင်း၊ မတ် ၃၁ ရက်တွင် ရွှေလင်ဗန်းစက်မှုဇုန်၌ လည်းကောင်း၊ ဧပြီ ၁ ရက်တွင် တောင်ဒဂုံစက်မှုဇုန် (၁)၌ လည်းကောင်း၊ ဧပြီ ၂ ရက်တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ လည်းကောင်း၊ ဧပြီ ၃ ရက်တွင် လှိုင်သာယာစက်မှုဇုန် (၁) (၂) (၃) (၄) (၆) (၇) တို့တွင်လည်းကောင်း ညနေ ၄ နာရီမှစတင်ကာ သက်ဆိုင်ရာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံးများရှေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)