ကုန်သွယ်မှုစစ်ပွဲမဖြစ်ပွားရေး ချိန်ညှိမှုတွေလုပ်ဆောင်နေတဲ့ တရုတ်

ထွန်းသစ်စ

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ သူ့ရဲ့ ခေတ်သစ်သမိုင်းနဲ့ က္ဘာကြီးမှာ အရေးကြီးပြီး အချက်အချာကျတဲ့ နေရာကနေ ပါဝင်လာပါတယ်။ သို့သော်လည်း တကယ့်ကြီးမားတဲ့ စိန်ခေါ်မှုကတော့ လာမယ့် ၂၀၅၀ ပဲ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ရဲ့ ဦးဆောင်မှုရဲ့ တကယ့်ရည်မှန်းချက်ကတော့ တရုတ်ခေတ်သစ်တစ်ခုကို ပုံဖော်ဖို့ပဲဖြစ်ပါတယ်။ အနာဂတ်ကို မျှော်ကြည့်ရတာ ယုံကြည်ချက်တွေ ခုန်ပေါက်ပြေးလွှားသလိုပါပဲ။ သို့သော်လည်း တရုတ်နိုင်ငံရဲ့ အရေးကြီးဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်ကိုတော့ ကျော်ခွသွားလို့မရပါဘူး။

ထပ်မံတွေ့ဆုံမှုတွေလုပ်

ဒါကြောင့်မို့ပဲ အမေရိကန်နဲ့ တရုတ် ကမ္ဘာ့ အင်အားကြီး စီးပွားရေးပြိုင်ဘက်နှစ်ခုကြား ကုန်သွယ်ရေးစစ်ပွဲကြီး ဖြစ်ပေါ်စေဖို့ ဦးတည်စေတဲ့ အခွန်အကောက်တွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ လျော့နည်းစေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတ ွေဆောင်ရွက်ဖို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဝယ်လ်ဘာရော့စ်ဟာ ပေကျင်းကို ၂၀၁၈ ခုနှစ် ဇွန် ၂ ရက်က ရောက်ရှိလာခဲ့ပါတယ်။

အရင်လ အစောပိုင်းမှာ အခွန်အကောက်တွေနဲ့ ပတ်သက်ပြီးတော့ ယာယီအဆင်ပြေ ချောမွေ့ကြောင်း ကြေညာခဲ့သော်လည်း တကယ့်လက်တွေ့မှာတော့ အမေရိကန်ပြည်ထောင်စုဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်မှုတွေ၊ တင်ပို့မှုကို ထိန်းချုပ်မှုတွေနဲ့ တရုတ်နည်းပညာ ကုန်စည်တန်ဖိုး ၅၀ ဘီလီယံမှာ ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှုတို့အပါအဝင် နောက်ဆုံးမှာ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

အမေရိကန်ရဲ့ အဲဒီလိုလုပ်ဆောင်ချက်တွေအပေါ် တရုတ်နိုင်ငံကလည်း ငြိမ်မနေပါဘူး။ အမေရိကန်ကုန်စည်တွေနဲ့ ပတ်သက်တဲ့ အခွန်အကောက်တွေနဲ့ ပတ်သက်ပြီး တန်ပြန်ခြိမ်းခြောက်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

သို့သော်လည်း နောက်ပိုင်းမှာ တရုတ်နဲ့ အမေရိကန်ခေါင်းဆောင်နှစ်ဦးတို့ ရက်ပေါင်း ၉၀ ကြာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့သလို နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေဟာ နောက်ထပ် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို ဖြေလျှော့စေဖို့ ထပ်မံတွေ့ဆုံမှု တွေ လုပ်ဆောင်နေကြပါတယ်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဝယ်လ်ဘာရော့စ်အနေနဲ့ တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ အတွက် တရုတ်နိုင်ငံအနေနဲ့ ၎င်းရဲ့ သဘောထား အနည်းငယ်ပျော့ပျောင်းမလို ဖြစ်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ အမေရိကန်-တရုတ် ကုန်သွယ်ရေးဟာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သဘောထားတင်းမာမှုတွေ လျော့နည်းစေဖို့အတွက် တွေ့ဆုံမှုတွေ ထပ်မံပြီး လုပ်ခဲ့ရတာပါ။ သို့သော်လည်း ရှေ့အနာဂတ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ပြည်တွင်းညှိနှိုင်းမှုတွေ အကောင်အထည်ဖော်ဖို့လို

တစ်ဖက်ကလည်း ကုန်သွယ်ရေးစစ်ပွဲ၊ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း တရုတ် နိုင်ငံစီးပွားရေး ဖွဲ့စည်းပုံမျှတအောင် ပြည်တွင်း ညှိနှိုင်းမှုတွေကို အပြည့်အဝအကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်မှုဟာ ပြည်သူ့ ဝန်ဆောင်မှုအထိ အပါအဝင် တင်ပို့ဖြန့်ဖြူးမှုဟာ တစ်မိသားစုချင်းစီရဲ့ စားသုံးမှုအထိ၊ အပိုအလျှံ စုဆောင်းမှုမှ ပုံမှန်စုဆောင်းတာနဲ့ တစ်ပြည်နယ် ထုတ်ကုန်တစ်မျိုးမှ စီးပွားရေးဈေးကွက်အထိ ရောက်ရှိအောင် ပြုလုပ်ဖို့ လိုပါတယ်။

တရုတ်နိုင်ငံဟာ မှန်ကန်တဲ့ စီးပွားရေးလမ်း ကြောင်းပေါ် ရောက်နေတယ်ဆိုတဲ့ အချက်ကို သူ့ရဲ့ စီးပွားရေးတိုးတက်မှုတွေကို ကြည့်ရင် သိမြင်နိုင် သလို ထင်ရှားတဲ့ သက်သေတွေလည်း ရှိပါတယ်။

၂၀ဝ၈ ကမ္ဘာ့စီးပွားရေးပျက်ကပ်လို အခြေအနေမျိုးထက် နှိုင်းယှဉ်ကြည့်ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကောင်းမွန်တဲ့အခြေအနေ ရှိနေချိန်မှာ နိုင်ငံခြားတင်ပို့မှုတွေဟာလည်း နိုင်ငံ့ဂျီဒီပီ (အသားတင်ထုတ်လုပ်မှုတန်ဖိုး) ရဲ့ ၂၀ ရာခိုင်နှုန်း ရှိနေပါသေးတယ်။ ထို့အတူ ထုတ်ကုန်ထက်ဝက်လောက်ဟာ ပြည်တွင်းတစ်မိသားစုချင်းစီရဲ့ စားသုံးမှုကို ဖြည့်ဆည်းနေပါသေးတယ်။

သို့သော်လည်း တရုတ်နိုင်ငံရဲ့ စားသုံးသူ ဦးဆောင်တဲ့အနေအထားဟာ အစောပိုင်းအဆင့် မှာပဲ ရှိသေးလို့ စီးပွားရေးအရ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေအတွက် ပြည့်စုံတဲ့ အင်အားနဲ့ တောင့်တင်းမှု မရှိသေးပါဘူး။ ထို့အတူ ကမ္ဘာ့ရာသီဥတု အနှောင့်အယှက်တွေကလည်း တရုတ်နိုင်ငံအတွက် ပြဿနာတစ်ရပ် ဖြစ်စေပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေးဖွဲ့စည်းပုံ မျှတအောင်ပြုလုပ်တာဟာ ဟာကွက်တွေကို မဖြစ် ပေါ်အောင် ပြုလုပ်လိုက်သလိုပါပဲ။ ကမ္ဘာ့စီးပွားရေးရဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေနဲ့ တခြားကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးတွေမှာ အကျိုးရလဒ်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒီအခြေအနေမှာ တရုတ်နိုင်ငံဟာ မကြာသေးမီက ဖွံ့ ဖြိုးတိုးတက်မှုတွေဖြစ်လာတဲ့ ကမ္ဘာ့အခြေ အနေကို အတော်လေ့လာရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို လေ့လာတဲ့နေရာမှာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်း အာရှဘဏ္ဍာရေးအကျပ်အတည်းကို လည်း ချန်လှပ်ထားလို့ မရပါဘူး။ ထို့အတူ ၂၀ဝ၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ဂျပန်နိုင်ငံမှာဖြစ်သွားတဲ့ စီးပွားရေးဆိုင်ရာ အခြေအနေတွေကို လေ့လာရမှာ ဖြစ်ပါတယ်။

ကုန်သွယ်မှုစစ်ပွဲ မဖြစ်ပွားရေး တရုတ်နိုင်ငံဟာ စီးပွားရေးအတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်ကို ထပ်လှမ်းတဲ့အခါမှာ ဖြစ်ပေါ်နိုင်သမျှသော အခြေအနေအရပ်ရပ်အပေါ် အခြေခံပြီး စဉ်းစားရမှာ ဖြစ်သလို ၎င်းရဲ့ တည်ငြိမ်မှုရှိရေးနဲ့ သဟဇာတဖြစ်ရေး သတိထားရမှာပဲ ဖြစ်ပါတယ်။

ဆက်လက်ကျင့်သုံးရမယ်

အမေရိကန်နိုင်ငံရဲ့ အခွန်စည်းကြပ်မှုတွေဟာ အရေးပေါ်အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုဟာ တရုတ်နိုင်ငံကို ရိုက်ခတ်စေပါတယ်။ ထို့အတူပဲ ဆိုးရွားလှတဲ့ ကုန်သွယ်မှုသဘောတူညီ ချက်တွေကို ဖရိုဖရဲဖြစ်စေပါတယ်။

အမေရိကန်ရဲ့ နည်းဗျူဟာတွေဟာ ပြစ်ချက်တွေ များလှပါတယ်။ အခွန်စည်းကြပ်မှုတွေနဲ့ တခြားပိတ်ဆို့မှုတွေ အသုံးပြုပြီး တရုတ်နဲ့ ကုန်သွယ်မှုလိုငွေပြနေမှုကို လျှော့ချချင်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ အမေရိကန်နဲ့ နိုင်ငံပေါင်း ၁၀ဝ ကျော်လောက်ရဲ့ ဘက်ပေါင်းစုံ ကုန်သွယ်မှုလိုငွေပြနေမှုအပေါ် သက်သာစေမယ့် နည်းလမ်းတွေ မဖန်တီးပေးနိုင် သလိုပါပဲ။ ဒါကြောင့် အမေရိကန်ရဲ့ နည်းဗျူဟာက လက်ရှိဘဏ္ဍာရေးဈေးကွက်အပေါ် ဖိအားတွေ ပိုလို့သက်ရောက်စေတာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ကြီးမားတဲ့ အခွန်ဖြတ်တောက်မှု ဥပဒေထုတ်ပြန်ပြီးနောက် အမေရိ ကန်ပြည်ထောင်စုရဲ့ ဘတ်ဂျက်လိုငွေပြနေချိန်နဲ့ တိုက်ဆိုင်စွာပဲ ပြည်တွင်းစုဆောင်းငွေအပေါ် လိုငွေပြနေတဲ့ နိုင်ငံရဲ့စီးပွားရေး မညီမျှမှုဟာလည်း ပိုပြီးဆိုးရွားလာပါတယ်။ ဒီလိုအခြေအနေတွေမှာ ပြဿနာတွေဟာ ဆိုးရွားသထက် ပိုမိုဆိုးရွားလာ ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးစစ်ပွဲတွေ မဖြစ်စေဖို့ စီးပွား ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့အခါမှာ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒတွေအပေါ် ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံလိုလည်း စီးပွားရေးဆိုင်ရာ တိုးတက်မှုအပေါ် အလွန်အမင်း ဦးစားမပေးစေသကဲ့သို့ အမေရိကန် နိုင်ငံလိုလည်း အခွန်စည်းကြပ်မှုတွေအပေါ် အတင်းအကျပ် ကျင့်သုံးတာမျိုးမဖြစ်စေဘဲ သင့်တင့် လျောက်ပတ်တဲ့ ပုံစံနဲ့ ဆက်လက်ကျင့်သုံးသွားရမှာ ဖြစ်ပါတယ်။  

ကိုးကား- အေအက်ဖ်ပီ၊ ချန်နယ်နယူးအေးရှ