ကြုံတောင့်ကြုံခဲ ဆုံစည်းရာ

၁၃ ဒီဇင်ဘာ

 

အိမ်နီးနားချင်း၊ မိသားစုချင်း၊ မိတ်ဆွေချင်း ဆုံတွေ့ရန်မှာ လွယ်ကူသော်လည်း တစ်နယ်တစ်ကျေးသို့ ရောက်ရှိနေသော မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများနှင့်ဆုံတွေ့ရန်မှာ လွယ်ကူလှသော အလုပ်မဟုတ်ချေ။ ထိုထက်မက အဝေးရောက်နေသော ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းများအား မိမိနေရာဌာန၌ တစုတဝေးတည်း ဆုံစည်းနိုင်ရေးမှာ ပို၍ပင်ခက်ခဲပေလိမ့်မည်။

 

ထိုဥပမာကဲ့သို့ပင် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလတွင် တစ်နိုင်ငံတည်း ရပ်တည်နေ၍ မရတော့သည့် အခြေအနေ၌ မိသားစုဝင်၊ ဆွေမျိုးမိတ်ဆွေများကဲ့သို့ ရေခြားမြေခြားမှ မိတ်ဆွေနိုင်ငံများနှင့် မကြာခဏ ထိတွေ့ဆက်ဆံရန် အကြောင်းများရှိလာသည်။

 

တစ်နိုင်ငံနှင့်တစ်နိုင်ငံ လည်ပတ်ခြင်း၊ လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ နှီးနှောဖလှယ်ခြင်းနှင့် နိုင်ငံပေါင်းစုံ စုဝေးပြီး ဖိုရမ်များကျင်းပခြင်း၊ ကွန်ဖရင့်များ ပြုလုပ်ခြင်းဖြင့် နိုင်ငံအများ မိသားစု၊ မိတ်ဆွေများသဖွယ် ရင်းနှီးချစ်ကြည်စေမည့် အခြေအနေကောင်းများ ရှိလာသည်။

 

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း အာဆီယံနိုင်ငံများနှင့် ပုံမှန်အားဖြင့် မကြာခဏ ဆုံတွေ့ခွင့်ရသည့်အပြင် အိမ်ရှင်နိုင်ငံအဖြစ်လည်း နှစ်အလိုက် အလှည့်ကျလက်ခံတွေ့ဆုံခွင့် ရရှိနိုင်သည့် အခွင့်အရေးရှိပါသည်။ သို့သော် ရေခြားမြေခြား အလှမ်းဝေးလှသောဒေသများမှ မိတ်ဆွေနိုင်ငံများနှင့် ဆုံစည်းရမည့်အရေးမှာ ခက်ခဲပါသည်။ အထူးသဖြင့် အဆိုပါအလှမ်းဝေးသော မိတ်ဆွေနိုင်ငံများအား အိမ်ရှင်အဖြစ် လက်ခံဆုံတွေ့နိုင်မည့် အခွင့်အရေးရရှိရန်မှာ မလွယ်ကူလှချေ။

 

ယခု ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု၊ ရတောင့်ရခဲ အခြေအနေ ကောင်းတစ်ခု၊ မည်သည့်အခါမှ မရဖူးသော ဆုံစည်းမှုတစ်ခုကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ရရှိလိုက်ပါသည်။ ယင်းမှာ (၁၃) ကြိမ် မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၂ဝ ရက်နှင့်၂၁ ရက်နေ့တို့တွင် နေပြည်တော်၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုအစည်းအဝေးကို အစိုးရက ဦးစီးကျင်းပသည် ဖြစ်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် နိုင်ငံတကာ နှင့်ဆက်နွှယ်၍ အကျိုးရလဒ်ကောင်းများစွာကို ဆောင်ကြဉ်းပေးနိုင်သော အစည်းအဝေးဖြစ်၍ အများပြည်သူအနေဖြင့် ယခုအစည်းအဝေး အနှစ်သာရကို လေ့လာသိရှိထားသင့်ပါသည်။

 

''အေဆမ်'' ဆိုသည်မှာ အာရှ-ဥရောပ အစည်းအဝေးတစ်ခု ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများ ဆုံစည်းခြင်းဟုလည်း ဆိုနိုင်ပါသည်။ ယခုအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရခြင်းမှာ ထူးကဲသောအခွင့်အလမ်းဟု ဆိုရခြင်းမှာလည်း နှစ်ပေါင်း ၁ဝဝ ခန့်ကြာမှ တစ်ကြိမ်သာ လက်ခံကျင်းပခွင့်ရသည့် မြန်မာနိုင်ငံအဖို့ ကြုံတောင့်ကြုံခဲ ကြီးမားသော အခွင့်အရေးတစ်ရပ် ပင်ဖြစ်သည်။ အချိန်အခါအားဖြင့် ကြုံခဲခြင်း၊ နိုင်ငံအားဖြင့်လည်း ရခဲခြင်း၊ မိတ်ဖက်အားဖြင့်လည်း ထူးကဲခြင်း စသည်တို့ ပေါင်းဆုံနေပါသည်။

 

ဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အစည်းအဝေးများကို မကြာခဏ တက်ရောက်ခွင့်ရခြင်း၊ နှစ်အလိုက်ကျင်းပခွင့်ရခြင်းများရှိသလို အနီးစပ်ဆုံးအားဖြင့် ပြီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံများနှင့် အဖွဲ့အစည်းပေါင်း ၂၇ ခုတို့မှ ကိုယ်စားလှယ်များနှင့်သာ ဆုံစည်းခွင့် ရခဲ့ပါသည်။ ယခုကျင်းပမည့် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အရှေ့အနောက် ဝေးကွာသောဒေသမှ နိုင်ငံ ၅၁ နိုင်ငံနှင့် အဖွဲ့အစည်းနှစ်ခုမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ ဆုံစည်းခွင့်ရမည့် ထူးခြားသော အခွင့်အရေးကို တွေ့ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တစ်မူထူးခြားပြီး ကြုံတောင့်ကြုံခဲ ဆုံစည်းခွင့်ရမည့် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရသော ယခုအစည်းအဝေးကြီးတွင် ကမ္ဘာ့နိုင်ငံများအလယ်၌ မြန်မာနိုင်ငံနှင့်မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းအားထုတ်မှုနှင့် စွမ်းဆောင်ရည်များကို ပြသနိုင်မည့်အပြင် နိုင်ငံတကာမှ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။