ကူးစက်ရောဂါများထဲမှ ဇီကာရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဆင်ခြေထောက်ရောဂါအကြောင်းသိကောင်းစရာ

နေပြည်တော် ၁၇ ဧပြီ

ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည်။ ဇီကာရောဂါပိုး ကူးစက်ခံရသည့် လူငါးဦးတွင်မှ တစ်ဦးတွင်သာ ရောဂါလက္ခဏာပြတတ်သည်။ ယေဘုယျအားဖြင့် ဇီကာရောဂါသည် သူ့အလိုလိုပျောက်ကင်းသွားနိုင်သည့် ရောဂါဖြစ်သော်လည်း ဆိုးရွားပြင်းထန်းသည့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားတတ်သည်ကို ရှားရှားပါးပါး တွေ့ရှိရသည်။

ရောဂါလက္ခဏာများ

ဇီကာဗိုင်းရပ်စ်ရောဂါတွင် အဓိကတွေ့ရှိရသော ရောဂါလက္ခဏာများမှာ

ရုတ်တရက် ဖျားခြင်း

အရေပြားတွင် အနီရောင်/ အစက်များထွက်ခြင်း

မျက်သားနီ၍ ရောင်ရမ်းခြင်း။

ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း

မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းစသည်တို့ ဖြစ်ပြီး ရောဂါလက္ခဏာများအား (၂)ရက်မှ (၇)ရက်အထိ ခံစားရနိုင်ပါသည်။

ဇီကာရောဂါနှင့် ရောဂါနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးခေါင်းသေးငယ်သော ကလေးငယ်များ မွေးဖွားလာခြင်း (Microcephaly) တို့ ဆက်စပ်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သော အေးဒီစ် အမျိုးအစား ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပါသည်။

အဆိုပါ အေးဒီ(စ်)ခြင်ကျားသည် နေ့အချိန်တွင် ပိုကိုက်သည်။ ရောဂါကူးစက်ခံထားရသောသူနှင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ဇီကာရောဂါကူးစက်နိုင်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ခြင်းနည်းလမ်းမှာ ခြင်ကျားပိုးလောက်လန်း နှိမ်နင်းရေးနှင့် ခြင်ကိုက်ခံရခြင်း မရှိအောင် နေထိုင်ရေး ဖြစ်ပါသည်။

“သွေးလွန်တုပ်ကွေးအခန်းတွင် ပါဝင်သော ခြင်ကျားနှိမ်နင်းရေး လုပ်ငန်းများကို လူတိုင်း ပါဝင်ဆောင်ရွက်ခြင်းနှင့် ခြင်ကိုက်မခံရအောင် သတိပြုမူနေထိုင်ခြင်းအားဖြင့် ဇီကာရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး ကူးစက်ပြန့်ပွားမှု မရှိရအောင် ကာကွယ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ယူရန်ပြင်ဆင်နေသူများအနေဖြင့် ရောဂါကူးစက်ခြင်းမှကာကွယ်ရန် ဇီကာရောဂါဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်ပါ။

ဇီကာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားသောနိုင်ငံများသို့ သွားရောက်ခဲ့သူများတွင် သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူပါ။

ဂျပန်ဦးနှောက်ရောင်ရောဂါ

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သောရောဂါ ဖြစ်ပါသည်။ ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေသော ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားပုံ

ဝက်နှင့် ရေတွင်ကျက်စားသည့် တောငှက်ရိုင်းများတွင် ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်(စ်)ပိုးများ ခိုအောင်းပေါက်ပွားပါသည်။

ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်(စ်)ပိုးပါသည့် ကျူးလက်(စ်)ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် လူများအား ရောဂါကူးစက်ပြန့်ပွားနိုင်ပါသည်။

လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်ပါ။

ဂျပန်ဦးနှောက်ရောင် ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာများ မပြကြပါ။ ပျှမ်းမျှအားဖြင့် ရောဂါပိုးကူးစကါခံရသူ(၂၅၀)တွင် (၁)ဦးသာ ရောဂါလက္ခဏာများ ရှိကြပါသည်။

ကနဦးလက္ခဏာများ

ရုတ်တရက်အဖျားကြီးခြင်း

ပျို့ခြင်း

ခေါင်းကိုက်ခြင်း

အန်ခြင်း

မောပန်းပြီးနုံးခြင်း

ရောဂါဖြစ်ပွားစတွင် ကလေးများသည် ဗိုက်နာခြင်းလက္ခဏာများကို ထင်ရှားစွာ ခံစားကြရပါသည်။

နောက်ဆက်တွဲ လက္ခဏာများ

လည်ပင်းတောင့်တင်းခြင်း

မူးဝေအိပ်ငိုက်ခြင်း

စိတ်ရှုပ်ထွေးခြင်း

လှုပ်ရှားမှုမမှန်ခြင်းနှင့်

သတိလစ်ခြင်း

တက်ခြင်း စသည်တို့ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

အသက်(၁၀)နှစ်အောက် ကလေးငယ်များတွင် ပြင်ထန်သောရောဂါဖြစ်ပွားမှု များပြားလာပြီး သေဆုံးမှုနှုန်း များပါသည်။

ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၂၀)မှ (၃၀)ရာခိုင်နှုန်းထိ အသက်သေဆုံးနိုင်ပါသည်။ အသက်ရှင်ကျန်ရစ်သူများမှ ထက်ဝက်နီးပါးခန့်တွင် အကြောသေခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။

ရောဂါကူးစက်ပုံ

ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတွင်နားခိုကျက်စားသည့် တောငှက်ရိုင်းများနှင့် ဝက်များကို ရောဂါပိုး ကူးစက်ဝင်ရောက်သည်။ ဝက်များသည် ရောဂါပိုးလက်ခံသိုလှောင်ရာ တိရစ္ဆာန်ဖြစ်သည်။

ရောဂါပိုး သယ်ဆောင်သော ခြင်များမှ တစ်ဆင့်ကူးစက်ပျံ့နှံ့သည်။

ဆည်မြောင်းရေသွင်း စိုက်ပျိုးသော နေရာများတွင် ခြင်ပေါက်ဖွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။ သို့သော် မိုးရာသီကာလတွင် အများဆုံး ဖြစ်ပွားတတ်သည်။

ကျေးလက် နေလူထူများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသူများတွင် ဖြစ်ပွားမှု များပြားသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းဖြစ်ပါသည်။

ဂျပန်ဦးနှောက်ရောဂါပိုး သယ်ဆောင်သော ခြင်များသည် ညနေစောင်း နေဝင်ရီသရောတွင် ကိုက်လေ့ရှိသောကြောင့် ကလေးများကို ခြင်ထောင်ဖြင့် အိပ်စေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။

ကာကွယ်ဆေးထိုးသင့်သူများ

ရောဂါကူးစက်ဖြစ်ပွားလွယ်သည့် နေရာများသို့ ခရီးသွားမည့်သူများသည် ခရီးမထွက်မီ (၁) လအလို ကြိုတင်ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။ ကာလရှည် ခရီးထွက်သူများ မကြာခဏ ခရီးသွားသူများ ဂျပန်ဦးနှောက်ရောင်ရောဂါ ကပ်အသွင်ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားသူများနှင့် ကျေးရွာကို လည်ပတ်သူများမှာ အဓိကထိုးနှံသင့်ပါသည်။

အသက် (၉) လအရွယ်မှ စ၍ လူကြီးများ၊ လူငယ်များ အားလုံး ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။

ဆင်ခြေထောက်ရောဂါ

ဆင်ခြေထောက်ရောဂါဆိုသည်မှာ သွေးကြောထဲတွင် နေသော သန်ကောင်အမျိုးအစား ပိုးတစ်မျိုးကြောင့် ဖြစ်ပွားသည်။ ရောဂါဖြစ်ပွားသည့် သန်ကောင်အမျိုးအစားပိုး သယ်ဆောင်ထားသော ကျူးလက် (စ်) ခြင်ကိုက်ခြင်းဖြင့် ကူးစက်ပါသည်။

ရောဂါနုစဉ်လက္ခဏာများ

ချမ်းတုန်ဖျားခြင်း

ယားယံ၍ အင်ပျဉ်ထွက်ခြင်း

ပန်းနာရင်ကျပ်ကဲ့သို့ ချောင်းဆိုးရင်ကျပ်ခြင်း

အကျိတ်များရောင်ခြင်း

ဝှေးစေ့များရောင်၍ အောင်ခြင်း၊ နာခြင်း

ခြေ၊ လက်တစ်ဖက်/ နှစ်ဖက် နီရဲ၊ ပူလောင်၊ ရောင်ရမ်း၍ နာခြင်း ( မှင်ထခြင်း၊ ပင့်ကူရှပ်ခြင်းနှင့် ဆင်တူသော)

ကပ်ပယ်အိတ် ( မုတ္တ) ကြီးခြင်း

ဆန်ဆေးရေကဲ့သို့ အဖြူရောင် ဆီးပျစ်ပျစ်သွားခြင်း

ဆီးထဲသွေးပါခြင်း

ရောဂါသက်ရင့်လာသည့်အခါ ခြေ၊ လက်၊ ရင်သား စသည်တို့ တစ်ဖက်ထဲ (သို့) နှစ်ဖက်လုံး ကြီးလာပြီး နောက်ဆုံးတွင် ဆင်ခြေထောက် အသွင် ဖြစ်လာပါသည်။

ဆင်ခြေထောက်ရောဂါကာကွယ်ခြင်း

၁။ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းကို တစ်နှစ်လျှင် တစ်ကြိမ် (၅) နှစ် ဆက်တိုက် အသက်အရွယ် အပိုင်းအခြားအလိုက် သောက်သုံးရမည်။

၂။ ခြင်ပေါက်ပွားရာ နေရာများဖြစ်သည့် ရေစီးရေလာမကောင်းသည့် ရေမြောင်းပုပ်များ၊ ရေဆိုးကျင်းများနှင့် မလုံခြုံသော အိမ်သာကျင်းများကို ရှင်းလင်းဖယ်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။



MDN