ကူမင်းတက္ကသိုလ်က မြန်မာသုတေသနစင်တာ

သောင်းကေတု
၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်က အမျိုးသားလွှတ်တော် မြန်မာ-တရုတ်လွှတ်တော်ချင်း ရင်းနှီးချစ်ကြည်ရေး အသင်းဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် မေလအတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC ) ဒုဥက္ကဋ္ဌ မစ်္စတာဝမ်ချင်ဝေးက လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနယ်စပ်က ကူမင်းမြို့
၂၈-၉-၂၀၁၈ ရက်နေ့တွင် ရှီအန်းမြို့မှ ကူမင်းမြို့သို့ ခရီးဆက်ခဲ့ပါသည်။ ကူမင်းမြို့ ဆိုဖီတယ်ဟိုတယ်မှာ တည်းခိုရပါသည်။ ယူနန် ပြည်နယ်သည် တရုတ်နိုင်ငံ၏အနောက်တောင်ဘက်တွင် တည်ရှိပြီး မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့နှင့် နယ်ချင်း ထိစပ်လျက်ရှိသည်။ ဧရိယာ ၃၉၄၀ဝ၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ တရုတ်နိုင်ငံဧရိယာ၏ ၄ ဒသမ ၁ ရာခိုင်နှုန်း ခန့်ရှိသည်။ ခရိုင် ရှစ်ခုပါဝင်သည်။ မြို့တော်နှင့် ကောင်တီ ၁၂၉ ခုရှိသည်။ ၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေ ၄၇ ဒသမ ၁၃၉ သန်း (လူဦးရေအရအဆင့် ၁၂ ပြည်နယ်) ရှိပါသည်။ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၉ ခုရှိသည်။ တောင်တန်းထူထပ်သောပြည်နယ် ဖြစ်သည်။ မီတာ ၆၇၄၀ မြင့်သော မီလီတောင် ထိပ်သည် အမြင့်ဆုံးဖြစ်သည်။ တောင်တန်း ကုန်းပြင်မြင့်များတွင် ရေကန်ကြီး ၄၀ ရှိသည်။ အဓိကမြစ်ကြီးများဖြစ်သော သံလွင်မြစ်၊ မဲခေါင် မြစ်နှင့် မြစ်ချောင်းပေါင်း ၈၈၉ ခုရှိကြောင်း သိရသည်။

ကူမင်းတက္ကသိုလ်က သုတေသနစင်တာ
ရှေးနှစ်ပေါင်း ၂၀ဝ၀ ကျော်က ဇီချွမ်ပြည် နယ်မှစတင်သော တောင်ပိုင်းပိုးလမ်းမကြီးသည် ယူနန်မှတစ်ဆင့် မြန်မာနိုင်ငံ အထက်ပိုင်း တကောင်း၊ အိန်္ဒိယနိုင်ငံ ကာမရူပဒေသ(အာသံ)အထိပေါက်ရောက်ပြီး ကူးသန်းရောင်းဝယ်ကြ သည်။ ပျူနိုင်ငံမှ မင်းသားသုနန်္ဒဦးဆောင်သော ပျူယဉ်ကျေးမှုအဖွဲ့၊ သံအဖွဲ့သည် ဤလမ်းမှ တစ်ဆင့် တရုတ်နိုင်ငံ ထန်မင်းဆက်၏ ရှီအန်း မြို့တော်သို့ သွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်း ရှိသည်။ ယခု ခေတ်သစ်ပိုးလမ်းမကြီးဖြစ်သည့် One Belt One Road သည်လည်း ဤလမ်းကြောင်းအတိုင်း ပြန်လည်အကောင်အထည် ပေါ်လာမည်ဖြစ်သည်။ ယူနန်ပြည်နယ် ကူမင်း မြို့တော်သည် မိုးမျှော်တိုက်များ၊ ရှေးဟောင်း ဗိသုကာလက်ရာအိမ်များနှင့် လှပနေပါသည်။ နေ့လယ်စာစားပြီးသည်နှင့် ကူမင်းတက်္ကသိုလ် သွားရန် ပြင်ဆင်ကြသည်။ နေ့လယ် ၂ နာရီတွင် ဟိုတယ်မှ ထွက်ခွာကြသည်။ မြို့လယ်တွင် ရေကန်ကြီးတစ်ကန်၊ ရေကန်ကျွန်းပေါ်တွင် အမိုးကော့ကြီးများနှင့် ရှေးဟောင်းအဆောက်အအုံများ၊ ပေါင်းကူးတံတားများကို လှပစွာ တည်ဆောက် ထားသည်။ ရေကန်ကိုလွန်ပြီး တောင်ကုန်းငယ်များကို တက်ရသည်။ မကြာမီ သစ်ရိပ်၊ ဝါးရိပ်တို့ဖြင့် စိမ်းလန်းစိုပြည်သော ကူမင်းတက္ကသိုလ်ကို ရောက်ပါသည်။ ရန်ကုန်က ကိုလိုနီခေတ် အဆောက်အအုံဟောင်းကြီးကဲ့သို့ လှပခံ့ညားသော နှစ်ထပ် အုတ်တိုက်ကြီးကား ကူမင်းတက္ကသိုလ်ကြီး ဖြစ်ပါသည်။ ကျယ်ဝန်းသော လှေကားထစ်ကြီးများကို တက်ခဲ့ကြပြီး စောင့်ကြို နေကြသော မြန်မာသုတေသနစင်တာ (Institute of Myanmar Studies - IMS)မှ ပါမောက္ခနှင့် တာဝန်ရှိသူများက လှိုက်လှဲဝမ်းသာစွာ နှုတ်ဆက်ကြသည်။

ကူမင်းတက္ကသိုလ်အပေါ်ထပ် အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြပါသည်။ ဤတက္ကသိုလ်ကို ၁၉၂၂ ခုနှစ်တွင် ဆောက်လုပ်ပြီး ၁၉၂၃ တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းတွင် ပထမဆုံးဖွင့်လှစ်သော တက္ကသိုလ် ဖြစ်ကြောင်း၊ ဒုတိယပါမောက်္ခချုပ် မစ်္စတာယန်ဇီယူက ပြောပါသည်။ ကူမင်းမြို့သစ်တွင် ကူမင်းတက်္ကသိုလ်ကို ပြောင်းရွှေ့ ဖွင့်လှစ် ထားကြောင်း၊ ကျောင်းသားပေါင်း ၃၀ဝ၀ဝ ကျော်၊ ဆရာ ဆရာမ ၃၀ဝ၀ ကျော်၊ နိုင်ငံခြားကျောင်းသား ၂၀ဝ ကျော်ရှိကြောင်း သိရပါသည်။

မြန်မာချစ်ကြည်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာမြသောင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး လိုက်ပါလာသော အဖွဲ့ဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များဖြင့် မိတ်ဆက်ပေးပါ သည်။ အဖွဲ့ဝင်များမှာ ဦးဝင်းကြိုင်၊ ဒေါ်ရှားမူ၊ ဒေါ်သန်းသန်းအေး၊ ဦးလှဦး၊ ဦးနိုင်ကိုကို၊ ဦးအေးမင်းဟန်၊ နန်းမိုးမိုးထွေး၊ ဒေါက်တာမျိုးအောင်၊ ဦးမြင့်သန်းထွန်းတို့ ဖြစ်ပါသည်။ ကူမင်းတက္ကသိုလ် လူမှုရေးသိပ္ပံ သုတေသနဌာနနှင့် မြန်မာစာသုတေသနဌာန ဩန်ကြားရေးမှူး ပါမောက္ခ လီချန်ယန်က မြန်မာကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကားကို မြန်မာဘာသာဖြင့် ပြောကြားပါသည်။ သူ၏မြန်မာအမည်မှာ ဦးကျော်သန်း ဖြစ်ပါသည်။ ထို့နောက် အမှုဆောင် ဒုတိယညွှန်ကြားရေးမှူး ပါမောက္ခ ကုန်ချန်က မြန်မာ သုတေသနဌာန၏ လုပ်ငန်းများကို ရှင်းပြပါသည်။ ကူမင်းတက်္ကသိုလ် မြန်မာစာဒုတိယနှစ် ကျောင်းသူ မသူဇာက မြန်မာဘာသာပြန်ပေးပါသည်။

၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်
ကူမင်းတက်္ကသိုလ် Institute of Myan- mar Studies - IMSကို ၂၀၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ပါသည်။ ၂၀၁၁ တွင် တည်ထောင်သော Myanmar Studies center ကို အခြေခံ၍ ထပ်မံဖွင့်လှစ်ခြင်းဖြစ်သည်။ မြန်မာသုတေသနဌာန သည် တရုတ်ပြည်တွင် ပထမဆုံးဖွင့်လှစ်သော ဌာနဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက်ဖွင့်လှစ်သော ဌာနလည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ မြောက်ပိုင်း အီလီနွိုက်စ်တက်္ကသိုလ် မြန်မာ သုတေသနဌာနမှာ ကမ္ဘာတွင် ပထမဆုံးဖွင့်လှစ်သောဌာနဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ သုတေသနပညာရှင်များက မူဝါဒပိုင်းခြား စိတ်ဖြာသုံးသပ်ခြင်း၊ သံတမန်ဆက်ဆံရေးတိုးမြှင့် ရန် စွမ်းအားမြှင့်သင်တန်းများပေးခြင်းဖြင့် ကမ္ဘာပေါ်တွင် မြန်မာသုတေသနလုပ်ငန်းတွင် ဦးဆောင်မှုကဏ္ဍ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

၂၀၁၇ နှစ်ကုန်အထိ IMSတွင် သုတေသီ ၃၆ ဦး၊ အမြဲတမ်းသုတေသီ ကိုးဦး၊ အချိန်ပိုင်းနှင့် ကူမင်းတက္ကသိုလ်ပြင်ပ သုတေသီ ၂၇ ဦးတို့ဖြင့် ဆောင်ရွက်နေပါသည်။ ထို့အပြင် ဂုဏ်ထူးဆောင် အကြံပေးပုဂ်္ဂိုလ်များအဖြစ် ပါမောက်္ခ လီမို (ပေကျင်း နိုင်ငံခြား ဘာသာသင်တက္ကသိုလ်)၊ မစ်္စတာဂွပ်မူ (မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီးဟောင်း)၊ မစ်္စတာဇင်ယန်ပီ (ဆင်ဟွာသတင်း ဌာနသတင်းထောက်ချုပ်၊ မြန်မာနိုင်ငံ)တို့ကိုလည်း ခန့်အပ်ထားပါသည်။ ၂၀၁၇ ဧပြီလ ၅ရက်နှင့် ၆ ရက် ရန်ကုန်တွင်ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆင်မီနာသို့ ပါမောက်္ခ လီချန်ယန်နှင့် ပါမောက္ခကုန်ချန်တို့ တက်ရောက်ခဲ့ပါသည်။

၂၀၁၇ ဧပြီလ ၉ ရက်နေ့တွင် “မင်းသုဝဏ် နှင့် တရုတ်ဆက်ဆံရေး” စာအုပ်စတင်ထုတ်ဝေပွဲကို ပေကျင်းမြို့တွင်ကျင်းပရာ ထိုစဉ်က နိုင်ငံတော် သမ္မတကြီးဦးထင်ကျော်နှင့် ဇနီးတို့တက်ရောက် ခဲ့ပါသည်။ IMSမှ ထုတ်ဝေသော စာအုပ် ဖြစ်ပါသည်။ မင်းသုဝဏ်မှာ သမ္မတကြီး ဦးထင်ကျော်၏ ဖခင်ဖြစ်ပြီး ပေကျင်း နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခလီမိုမှာ ဆရာကြီး မင်းသုဝဏ်၏ တပည့်ဖြစ်ပါသည်။ ဆရာကြီး မင်းသုဝဏ်က တရုတ်နိုင်ငံ တန်မင်းဆက် ကဗျာဆရာကြီး ပေါကျဲယီ၏ ပျူကချေသည် ကဗျာ၊ စာရေးဆရာကြီးလူရွှန်းနှင့် သံတမန် ကဗျာဆရာကြီး ချင်ယီတို့၏ ကဗျာများ၊ စာများကို မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်။

မြန်မာပညာရှင်များ ဖိတ်ခေါ်ဆွေးနွေး
မြန်မာသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး၊ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဦးသောင်းထွန်းတို့ကို ကူမင်းတက်္ကသိုလ်သို့ ဖိတ်ခေါ် ဟောပြောပို့ချစေခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ သမိုင်းပညာရှင်များကိုလည်း ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ နိုင်ငံရေးပါတီများမှ လူငယ်သင်တန်းသားများကိုလည်း ရက်တိုသင်တန်းများ ဖိတ်ခေါ်သင်ကြားပေး လျက်ရှိပါသည်။
၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သော သမ္မတ ရှီကျင့်ဖျင်၏ စီမံခန့်ခွဲမှုဆိုင်ရာ မိန့်ခွန်းများ စာအုပ်ကိုလည်း IMSမှ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ကြောင်း သိရပါသည်။

မိတ်ဆွေများကိုရွေး၍ ပေါင်းသင်းနိုင် သော်လည်း အိမ်နီးချင်းများမှာ အမြဲတမ်း နယ်ချင်းထိစပ်နေ၍ ရွေးချယ်ပေါင်းသင်းနိုင် ခွင့်မရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ယခုလိုအခြေ အနေမျိုးတွင် အိမ်နီးချင်းကောင်းရဖို့ အထူး လိုအပ်နေပါသည်။ မြန်မာနိုင်ငံသည် တရုတ် နိုင်ငံနှင့် ကာလရှည်ကြာစွာကပင် အတူလက်တွဲ နေထိုင်ခဲ့ရသည်။ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ကုန်သွယ်ရေးများကို တစ်ဦးနှင့်တစ်ဦး အပြန် အလှန် မှီခိုနေကြရသည်။ မြန်မာ၊ တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးတက် အောင် ဆောင်ရွက်ကြရပေမည်။ တရုတ်တို့၏ မြန်မာ့သုတေသနစင်တာကို လေ့လာကြည့်ရာတွင် မြန်မာတို့၏ သမိုင်းကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို အသေးစိတ် ပိုင်းခြားစိတ်ဖြာ လေ့လာနေသည်ကို တွေ့ရသည်။ ထို့အတူပင် မြန်မာနိုင်ငံ ကလည်း တရုတ်လေ့လာရေးစင်တာကို ထူထောင်ပြီး လေ့လာရန် လိုအပ်နေသည်။ ရန်ကုန်၊ မန္တလေး၊ လားရှိုး တက္ကသိုလ် များတွင် ဌာနများ ထူထောင်ဖွင့်လှစ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။    ။