ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ စည်းလုံးညီညွတ်ရေးကို ရှေးရှုသည့် တပို့တွဲလချိန်ခါ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လွိုင်ကော် ၃၁ ဇန်နဝါရီ 

 

တပို့တွဲလသည် ဆောင်းရာသီ၏ ဆောင်းနှောင်းလဖြစ်ပြီး နွေရာသီသို့ ကူးပြောင်းတော့မည့် အချိန်နီးကပ်လျက်ရှိရာ ဆောင်းမပီ၊ နွေလည်းမမည် ဆိုသော ကာလဖြစ်၍ မြန်မာနိုင်ငံတွင် ကောက်ဦးပေါ်ချိန်ဖြစ်သော တပို့တွဲလမှာ ထမနဲထိုး၍ ကုသိုလ်ယူလေ့ရှိသည့် ဓလေ့မှာ တိုင်းရင်းသား ပြည်သူတို့၏ နှလုံးဝယ် ကျောက်စိုင် ကျောက်ခဲပမာ စွဲထင်လျက်ရှိသည့်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ စည်းလုံးညီညွတ်ရေးကို ရှေးရှုသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၂ နာရီက လွိုင်ကော်မြို့ သမိုင်းဝင်မြို့ နာမ်ရွှေစေတီတော် ပရိဝုဏ်၌ ကျင်းပခဲ့သည်။

 

 

အဆိုပါ ထမနဲထိုး ပြိုင်ပွဲသို့ ဌာနဆိုင်ရာနှင့် ရပ်ကွက်များမှ ထမနဲထိုး အသင်းအဖွဲ့ (၃၅)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်  ပြည်သူများ စုပေါင်းပါဝင်တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

 

အဆိုပါ ထမနဲထိုးပြိုင်ပွဲအား ဒိုးပတ်အကများဖြင့်လည်းကောင်း၊ တိုင်းရင်းသား အကများဖြင့်လည်းကောင်း၊ ခေတ်ပေါ် အကများဖြင့်လည်းကောင်း ဝိုင်းဝန်းအားပေးလျက်ရှိသည်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ လိုက်လံ ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရ ကယားပြည်နယ် ရဲတပ်ဖွဲ့ ကိုယ်စားပြု အဖွဲ့အား ကယားပြည်နယ် ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရ နည်းပညာတက္ကသိုလ် (လွိုင်ကော်)အဖွဲ့အား ကယား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကလည်းကောင်း၊ တတိယဆုရ အခြေခံပညာ ဦးစီးဌာနအဖွဲ့အား ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အဖွဲ့များအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထမနဲထိုးပြိုင်ပွဲ ကျင်းပရာတွင် အကများဖြင့် လာရောက်ဖျော်ဖြေ အားပေးသည့် အကအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း (လွိုင်ကော်)