ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ မြို့မရဲစခန်း အဆောက်အဦအား အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)တွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း မေးမြန်းသည့် “ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ မြို့မရဲစခန်း အဆောက်အဦးအား အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။ 

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ဖြေကြားချက်မှာ ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဘောလခဲမြို့မ ရဲစခန်း၊ ရွာသစ်နယ်မြေရဲစခန်းနှင့် နမ်ဖယ်ရဲကင်းစခန်းတို့ရှိပါကြောင်း၊ ဘောလခဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ အရာရှိ(၈)ဦး၊ အခြားအဆင့် (၂၅)ဦး၊ စာရေးဝန်ထမ်း (၆)ဦး၊ ဘောလခဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ အရာရှိ(၁)ဦး၊ အခြားအဆင့် (၁၂)ဦး၊ ဘောလခဲမြို့မရဲစခန်းမှာ အရာရှိ(၄)ဦး၊ အခြားအဆင့် (၃၄)ဦးတို့ရှိပြီး စုစုပေါင်းအရာရှိ (၁၃)ဦး အခြားအဆင့်(၇၁)ဦး၊ စာရေးဝန်ထမ်း (၆)ဦး စုစုပေါင်း (၉၀)ဦး၊ အိမ်ထောင်သည် (၆၂)ဦး၊ လူပျို (၁၃)ဦး၊ အပျို (၁၅)ဦးတို့ဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါကြောင်း။

ဘောလခဲမြို့မရဲစခန်းဝင်းအတွင်းမှ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ခရိုင်အမျိုးသား မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံး(၁)ရုံး၊ ရဲစခန်းရုံးအချူပ်ပါ(၁)လုံး၊ လုံးချင်းနေအိမ် (၂)လုံး၊ (၂)ခန်းတွဲနေအိမ် လိုင်းခန်း(၄)လုံး၊ (၄)ခန်းတွဲနေအိမ်လိုင်းခန်း (၆)လုံး၊ (၄)ခန်းတွဲ(၂)ထပ်နေအိမ် လိုင်းခန်း(၁)လုံး၊ (၆)ခန်းတွဲ နေအိမ်လိုင်းခန်း (၂)လုံး၊ အရာရှိရိပ်သာ(၁)လုံးနှင့် လူ(၃၀)ဆန့် လူပျိုဆောင်တစ်ဆောင် စုစုပေါင်းအဆောက်အဦ(၁၉)လုံးမှာ နေအိမ်လိုင်းခန်း(၅၄)ခန်းရှိပါကြောင်း၊ အိမ်ထောင်သည် (၅၄)ဦးမှာ နေအိမ်လိုင်းခန်း (၅၄)ခန်းတွင်လည်းကောင်း၊ လူပျို (၁၃)ဦးမှာ လူပျိုဆောင်တွင် လည်းကောင်း၊ အိမ်ထောင်သည် (၈)ဦးနှင့် အပျို (၁၅)ဦးတို့မှာ ဒေသခံများဖြစ်၍ ပြင်ပရှိ မိဘဆွေမျိုးများထံတွင် နေထိုင်လျက်ရှိပါကြောင်း၊ ဘောလခဲမြို့မရဲစခန်းအတွင်းရှိ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး(၁)ရုံး၊ ရဲစခန်းအချုပ်ပါ(၁)လုံး၊ လုံးချင်းနေအိမ် (၂)လုံး၊ နှစ်ခန်းတွဲနေအိမ် လိုင်းခန်း (၄)လုံး၊ (၄)ခန်းတွဲနေအိမ် လိုင်းခန်း(၆)လုံး၊ (၄)ခန်းတွဲနှစ်ထပ် လိုင်းခန်း(၁)လုံး၊ (၆)ခန်းတွဲ နေအိမ် လိုင်းခန်း(၂)လုံး၊ အရာရှိရိပ်သာ (၁)လုံးနှင့် လူ(၃၀)ဆန့် လူပျိုဆောင်(၁)ဆောင်တို့သည် ပြုပြင်ရန်မလိုသည့် အဆောက်အဦများ ဖြစ်ပါကြောင်း၊ ရဲစခန်းအချုပ်ပါ တစ်ထပ်(၁)လုံးအား ခိုင်ခန့်မှုမရှိဘဲ ဟောင်းနွမ်းပျက်စီးနေသည့်အတွက် ခေတ်နှင့်လျော်ညီသည့် မြို့မရဲစခန်း အချုပ်ပါ နှစ်ထပ်(၁)လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊

သို့ပါ၍ ဘောလခဲမြို့မ ရဲစခန်းတွင် လိုအပ်လျက်ရှိသည့် ရဲစခန်းရုံးအချုပ် နှစ်ထပ်ပါ(၁)လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပေမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလအသုံးစရိတ် လျာထားမှုအား ၂၈.၃.၂၀၁၉ ရက်နေ့မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အတည်ပြုချက်ရရှိရန် ပေးပို့ထားပြီးဖြစ်သည့်အတွက် ဦးစားပေး အစီအစဉ်အလိုက် နောင်လာမည့် ဘဏ္ဍာနှစ်များမှာ ငွေလုံးငွေရင်းမူလအသုံးစရိတ်တွင် ထည့်သွင်းလျာထား တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

MDN
Credit-အမျိုးသားလွှတ်တော်