ကယားပြည်နယ်တွင် ဆည်၊ ကန်၊ ရေလှောင်တမံများမှ လယ်မြေ ဧက ငါးသောင်းကျော် စိုက်ပျိုးရေပေးဝေလျက်ရှိ

နေပြည်တော်  ၁၆  စက်တင်ဘာ

 

ကယားပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ဆည်၊ ကန်၊ ရေလှောင်တမံပေါင်း (၃၂)ခုရှိပြီး လယ်မြေဧက (၅၀၀၀၀)ကျော်ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆည်၊ ကန်၊ ရေလှောင်တမံများမှ နွေစပါး၊ မိုးစပါး နှင့် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေပေးဝေခြင်းလုပ်ငန်းများနှင့် ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား ဌာနနှင့်အတူ စနစ်တကျစီမံခန့်ခွဲနိုင်ရန် ဆည်ရေသောက် တောင်သူများ ပါဝင်သည့် ရေအသုံးချသူများအစုအဖွဲ့ (၇၁) ဖွဲ့ကို ဖွဲ့စည်းထားသည်။

 

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးဗြဲဆည်ရေသောက်စနစ် လက်ဝဲမြောင်းမကြီး၊ လက်ယာ မြောင်းမကြီးနှင့် ငွေတောင်ဆည်ရေပေးတူးမြောင်းများ၏ ရေအသုံးချသူများအစုအဖွဲ့ တောင်သူများ နှင့်အတူဌာနဝန်ထမ်းများစုပေါင်း၍ တူးမြောင်းအတွင်းရှိရေမှော်များ၊ အမှိုက်သရိုက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေကို လိုအပ်သည့်အချိန်တွင် လိုအပ်သော ပမာဏအား အလေအလွင့်မရှိ ရရှိစေရေးအတွက် ရေလှည့်စနစ်များ ဆွေးနွေးခြင်း၊ ပြုပြင်ထိန်းသိမ်း ရမည့် တူးမြောင်း အဆောက်အအုံများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို အစဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 

စိုက်ပျိုးမြေဧရိယာများအတွင်း စိုက်ပျိုးရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံ အကောင်းဆုံးဖြစ်ရန် ဌာနနှင့်အတူ ရေအသုံးချသူများ အစုအဖွဲ့တောင်သူများ ကိုယ်တိုင်ပါဝင် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ညီညီသန်း (နေပြည်တော်)