ကယားတိုင်းရင်းသားတို့၏ တူရိယာပစ္စည်းများအကြောင်း တစေ့တစောင်း

၁၄ ဇူလိုင်

 

ကယားရိုးရာတူရိယာပစ္စည်းများ

 

ဖားစည်

 

 

ကယားတိုင်းရင်းသားတို့သည် ဖားစည်ကို ကလူဟု ခေါ်ဆိုကြသည်။ ဖားစည်ဟုခေါ်ဆိုကြခြင်းမှာ ရှမ်းလူမျိုးတို့က ကလူ (ခေါ်) ဖားစည်မျက်နှာ ပြင်ပေါ်တွင် ဖားရုပ်ပါရှိသည်ကိုအကြောင်းပြု၍ ဂေါင်ဂစ်ဟု ခေါ်ဆိုကြသည်။ ဂေါင်ဂစ်မှာ မြန်မာဘာသာစကားအရ ဖားစည်ဟု အဓိပ္ပာယ်ရသည်။

 

ဖားစည်တွင် မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည်ဟူ၍ နှစ်မျိုးရှိသည်။ မင်္ဂလာဖားစည်ကို မင်္ဂလာရှိသော အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပြီး အမင်္ဂလာဖားစည်ကို အသုဘအခမ်းအနားများတွင် တီးခတ်လေ့ရှိကြသည်။ ရှေးအခါက စစ်ချီရာ၌ လူစုရန်အချက်ပေးခြင်းတို့ပြုလုပ်ရာတွင်လည်း ဖားစည် ကို တီးခတ်လေ့ရှိကြသည်။

 

 

ရှေးယခင်က ဖားစည်ကို ငွေတောင်တွင် သွန်းလုပ်လေ့ရှိကြသည်ဟု သိရသည်။ ဖားစည်ကို ရွှေ၊ ငွေ၊ ကြေး၊ သွပ်၊ ခဲမဖြူ စသည့် သတ္တုငါးမျိုးကို ရောစပ်၍ သွန်းလောင်းကြသည်။ မင်္ဂလာဖားစည်ကို အိမ်ဦးခန်း သို့မဟုတ် စပါးကျီတွင်ထားကြပြီး အမင်္ဂလာဖားစည်ကိုမူ ရှေးယခင်က ရွာအတွင်းရှိ နေအိမ်တွင်မထားကြဘဲ သချုႋင်းများတွင် ထားလေ့ရှိကြသည်။

 

ကယားတိုင်းရင်းသားတို့သည် ဖားစည်ကို အထူးအလေးအမြတ် ထားလေ့ရှိကြပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေရန်အတွက် ဖားစည်ကိုတီးခတ်၍ မင်္ဂလာယူလေ့ရှိကြသည်။ ယခုအခါ မင်္ဂလာဖားစည် များရှိနေသေးသော်လည်း အမင်္ဂလာဖားစည်မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေ သည်ကို လေ့လာသိရှိရသည်။

 

 

တွဲပလွေ

 

တွဲပလွေကို ဝါးလုံးငယ်များဖြင့်ပြုလုပ်ထားသည်။ မန်း (ခေါ်) တွဲပလွေ မှာ ဝါးလုံးငယ် အလုံး ၂ဝ ကို အတွဲလိုက် ချည်နှောင်ထားသည်။ မောရိဆိတ် (ခေါ်) တွဲပလွေငယ်မှာ ဝါးလုံးငယ် ၁၂ လုံးပါဝင်သည်။ ယင်းနှင့်ပုံစံတူသည့် မောပရေး (ခေါ်) တွဲပလွေတစ်မျိုးလည်း ရှိပါသေးသည်။ မန်း (ခေါ်) တွဲပလွေကြီးကို အသုဘအကတွင် အသုံးပြုကြပြီး မောရိဆိတ် (ခေါ်) တွဲပလွေ ငယ်ကို စပါးရိတ်သိမ်းချိန်နှင့် မိခင်ကွယ်လွန်ချိန်တို့တွင် အသုံးပြုကြသည်။ မောပရေး(ခေါ်)တွဲပလွေကိုမူ စပါးစူးထိုးပွဲတွင် အသုံးပြုလေ့ရှိကြသည်။

 

 

ဗုံရှည်၊ ဗုံတို

 

ဗုံကို သစ်သားအခေါင်းထွင်းပြီး ထိပ်နှစ်ဖက်တွင် နွားသားရေဖြင့် ပိတ်ထားသည်။ ဗုံများကို ရိုးရာအကတွင် အချက်ပေးသည့်အသံအဖြစ် အသုံးပြုတီးခတ်ကြသည်။ ဗုံရှည်ကို အသုဘအက ကသည့်အခါတွင်လည်း အသုံးပြုကြသည်။ ဗုံတိုကို ကေ့ထိုးဘိုးခေါ် တံခွန်တိုင်ပွဲတော်အကတွင် အသုံးပြုကြသည်။

 

 

ကွယ် (ခေါ်) ကျွဲချိုခရာ

 

ကွယ် (ခေါ်) ကျွဲချိုခရာကို ကျွဲချိုဖြင့်ပြုလုပ်ထားခြင်းကြောင့် ကျွဲချိုခရာ ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ကျွဲချိုခရာကို အရေးကြီးသောစစ်မှုရေးရာတွင် အသုံးပြုကြသည်။ စစ်ချီရာတွင် ကျွဲချိုခရာကို အချက်ပေးခရာအဖြစ် အသုံး ပြုကြသည်။ ထို့ပြင် ကယားတိုင်းရင်းသားတို့သည် တောလည်ရာတွင် သားကောင်ခြောက်ရန်၊ တစ်ဦးနှင့်တစ်ဦး အချက်ပေးရန်အတွက် ကျွဲချိုခရာ ကို မှုတ်၍ အသုံးပြုလေ့ရှိကြသည်။

 

 

မောင်း၊ လင်းကွင်း

 

မောင်းကြီး၊ မောင်းငယ်များကို ရိုးရာပွဲတော်များတွင် တီးခတ်လေ့ရှိကြ သည်။ ရိုးရာပွဲတော်များတွင် မောင်းကြီး၊ မောင်းငယ်တို့အပြင် လင်းကွင်းနှင့် ပလွေများကိုတွဲ၍ တီးမှုတ်လေ့ရှိကြသည်။

 

တီးတူ (ခေါ်) ဝါးဂီတာ

 

တီးတူသည် ဝါးဖြင့်ပြုလုပ်ထားသည့် ကြိုးတပ်တူရိယာတစ်မျိုးဖြစ်သည်။ ဝါးစောင်းဟုလည်း ခေါ်ဆိုကြသည်။ တီးတူကို ဝါးပိုးဝါးကြီးတစ်ဆစ်ကို အပိတ်နှစ်ဖက်ပါအောင် ခုတ်ဖြတ်ထားပြီး ကြိုးလေးချောင်းပါရှိသည်။ သံစဉ် ခုနစ်သံရရှိစေရန် ညှိယူထားသည်။ ရိုးရာတေးသီချင်းများသီဆိုရာတွင် အသုံးပြုလေ့ရှိကြသည်။ 

 

ရာမည